ဒီလစ်ကတော့ အကြောင်း တစ်ချက်ကြောင့် မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းလာဖို့ စိတ်အားထက်သန်နေ
မန်ချက်စတာ ယူနိုက်တက် ချိန်ရွယ်နေတဲ့ ဘိုင်ယန်မြူးနစ် နောက်ခံလူ ဒီလစ်ဟာ သူ့ဆရာဟောင်း နည်းပြ အဲရစ် တန်ဟက် ရှိရာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့အတွက် စိတ်အားထက်သန်နေကြောင်း စကိုင်းစပေါ့က ဖော်ပြလာပါတယ်။
အသက် (၂၄)နှစ် အရွယ်ရှိ နယ်သာလန် လက်ရွေးစင် ဗဟိုခံစစ်ကစားသမား ဒီလစ်ဟာ အေဂျက်စ် အကယ်ဒမီကနေ ထွက်ပေါ်လာသူဖြစ်ပြီး အသက် ငယ်ငယ်လေးနဲ့ အေဂျက်စ်ရဲ့ အသင်းခေါင်းဆောင် ရာထူးအထိပါ ရရှိခဲ့တဲ့အထိ ဦးဆောင်မှုကောင်းသူပါ။

ဒါ့အပြင် ကြံခိုင်သန်မာမှု ၊ ဘောလုံးဖြတ်ထုတ်နိုင်မှု ၊ အမြင့်ဘောကောင်းမွန်မှုနဲ့ တွန်းတွန်းတိုက်တိုက် ကစားနိုင်မှုတွေနဲ့ ကျော်ကြားခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဒီလစ်ဟာ ဘိုင်ယန်ကို ရောက်ရှိချိန်မှာ ဘိုင်ယန်က နည်းပြအပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပြီး နည်းပြ တူချယ်လ် လက်ထက်မှာတော့ ဒီလစ်ရဲ့ ပွဲကစားခွင့်တွေက နည်းပါးလာခဲ့ရသလို အခုနည်းပြသစ် ကွန်ပနီ ဘိုင်ယန်ဆီ ရောက်လာချိန်မှာလည်း စတုဂတ်က ဂျပန်ခံစစ်မှူး ဟီရိုကီ အီတိုကို ခေါ်ယူထားသလို လေဗာကူဆင် နောက်ခံလူ ဂျိုနသန်တက်ကိုပါ ထပ်မံ ခေါ်ယူဖို့ လုပ်ဆောင်နေတာကြောင့် ဒီလစ်အတွက် အနာဂတ်က ပိုဝေဝါးလာခဲ့ပါတယ်။
ဒီအချိန်မှာပဲ ဒီလစ်ကို သူရဲ့ ဆရာဟောင်း တန်ဟက် ရဲ့ မန်ချက်စတာ ယူနိုက်တက် က ပစ်မှတ်ထားလာပါတော့တယ်။
ယူနိုက်တက်ကလည်း ဒီနွေမှာ ဗဟိုခံစစ်ပိုင်းအတွက် ကစားသမား (၂)ဦးခန့်လောက်အထိ အားဖြည့်သွားဖို့ လိုအပ်နေပြီး အဲဗာတန်က ဘရန့်ဝိတ်အတွက် တန်ကြေးက မြင့်မားနေသလို နိုက်စ်က တိုဒီဘိုကျတော့လည်း အသင်းပိုင်ရှင်တူ ဖြစ်နေလို့ ခေါ်ယူဖို့ ခက်ခဲနေရချိန် ဒီလစ်ကိုပဲ ပိုမို ပစ်မှတ်ထားလာခဲ့ပါတယ်။
ဘိုင်ယန်ဘက်ကလည်း ဒီလစ်ကို ဒီဈေးကွက်ထဲမှာပဲ ရောင်းထုတ်သွားဖို့ အစီအစဉ် ရှိနေသလို ဒီလစ်ကိုယ်တိုင် ကလည်း ယူနိုက်တက်ဆီ ပြောင်းရွှေ့ပြီး သူရဲ့ ဆရာဟောင်း တန်ဟက် နဲ့ ပြန်လည် လက်တွဲသွားဖို့ စိတ်အားထက်သန်နေပါတယ်။
ဒါကြောင့် ယူနိုက်တက်နဲ့ ဘိုင်ယန်တို့ကြားမှာ ဒီလစ်အတွက် ပြောင်းရွှေ့ကြေးပိုင်း သဘောတူညီမှု ရရှိဖို့သာ လိုအပ်နေပါတော့တယ်။ ဘိုင်ယန်ကတော့ ဒီလစ်ကို ရောင်းချရာကနေ အနည်းဆုံး ယူရို သန်း(၅၀)လောက်အထိ အလိုရှိနေပေမယ့် ယူနိုက်တက်က ယူရို သန်း(၄၀) နဲ့ ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။