ယူရိုနဲ့ ကိုပါအမေရိက အပြီးမှာ ကစားသမား ၃ ဦး ခေါ်ယူမှု တပြိုင်နက်တည်း ကြေညာဖို့ မန်ယူအသင်း လှုပ်ရှားနေ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိ ကျင်းပနေတဲ့ ယူရိုနဲ့ ကိုပါအမေရိက ပြိုင်ပွဲတွေအပြီးမှာ ကစားသမားသစ် ၃ ဦးခေါ်ယူနိုင်ကြောင်း ကြေညာနိုင်ဖို့ တပြိုင်နက်တည်း ချိတ်ဆက် ဆွေးနွေးနေပါတယ်။

ပထမဆုံး တစ်ယောက် အနေနဲ့ တိုက်စစ်မှုး ဇီရစ်ဇီးရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးနေပြီး အခြေအနေ တိုးတက်နေပြီ လို့ နာမည်ကြီး စကိုင်းစပေါ့ သတင်းေ အဆိုအရ ယူနိုက်တက်ဟာ သိရှိရပါတယ်။

ယူနိုက်တက်ဘက်က ဘိုလော့ညာ တိုက်စစ်သမားရဲ့ စာချုပ်ပါကြေးအတိုင်း ယူရို သန်း ၄၀ ပေးမှာဖြစ်ကာ သဘောတူညီမှုရဖို့ကတော့ ဆက်လက် ကြိုးစားနေဆဲဖြစ်ပါတယ်။

တချိန်တည်းမှာ ဒုတိယ တစ်ယောက် အဖြစ် ပီအက်စ်ဂျီ ကွင်းလယ်လူ အူဂါတီကို ခေါ်ယူနိုင်ရေး ကနဦးအဆင့် ဆွေးနွေးမှုတွေ စတင်ထားပါတယ်။ အပြောင်းအရွှေ့ဖြစ်မြောက်ရေး နည်းလမ်းရှာနေပေမယ့် တိုးတက်တဲ့ အခြေအနေကို မရောက်သေးပါဘူး။

ဇွန်လ ၂၈ ရက် နောက်ပိုင်းမှာပဲ ယူနိုက်တက်က သူတို့ပစ်မှတ် ခံစစ်မှူး ဒီလစ်အတွက် တရားဝင် စကားပြောမှုကိုလည်း ဘိုင်ယန်မြူးနစ်အသင်းနဲ့ စတင်လိုက်ပါသေးတယ်။ ဘိုင်ယန်မြူးနစ်ဘက်က ယူရို သန်း ၅၀ တောင်းဆိုထားပါတယ်။

ဒါ့အပြင် နယူးကာဆယ် အားကစားဒါရိုက်တာ ဒန်းအက်ချ်ဝေါ့ကို အပြီးသတ် ခေါ်ယူနိုင်ရေးအတွက် နယူးကာဆယ်ဘက်က ပေါင် သန်း ၂၀ တောင်းဆိုမှုကို ညိနှိုင်းနေခဲ့ရာမှာ သဘောတူညီမှု ရရှိခဲ့ပြီလို့လည်း သိရပါတယ်။

ယူနိုက်တက်ဟာ ရာသီကြို မစခင် နည်းပြတန်ဟက် အလိုရှိတဲ့ လူသစ်တွေကို အမြန် ခေါ်ယူကာ ကလပ်ရဲ့ အကြီးတန်း အရာရှိတွေကိုလည်း စုစည်းထားလိုနေတာပဲ ဖြစ်ပါတယ်။