ယခင် အငှားခေါ်ခဲ့ဖူးတဲ့ ရယ်ဂီလွန် ကို ပြန်ခေါ်ဖို့ ခြေလှမ်းပြင်လာခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခင် အငှား ခေါ်ခဲ့ဖူးတဲ့ စပိန် ဘယ်နောက်ခံကစားသမား ဆာဂျီယို ရယ်ဂီလွန်ကို ဒီနွေမှာ ထပ်မံ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ စပိန် သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။
ဘယ်နောက်ခံကစားသမားတွေဖြစ်တဲ့ လုခ်ရှော မာလာစီယာတို့ ဒဏ်ရာပြသာနာ အသီးသီးနဲ့ ကြုံတွေ့နေရချိန်မှာ ဘယ်ခြမ်း ခံစစ်နေရာအတွက် အငှားနဲ့ ခေါ်ယူခဲ့တဲ့ ရယ်ဂီလွန်ဟာ ယူနိုက်တက်အသင်းအတွက် ရာသီဝက်အတွင်း ပြိုင်ပွဲစုံ (၁၂)ပွဲ အထိ ပါဝင်ကစားပေးနိုင်ခဲ့သလို ကစားရတဲ့ ပွဲတိုင်းမှာလည်း သေချာ ကြိုးစား ကစားပေးခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်တက်က ရယ်ဂီလွန်ကို စပါးကနေ အငှားနဲ့ ခေါ်ယူခဲ့စဉ်က အငှားဖျက်သိမ်းခွင့်ကိုပါ ထည့်သွင်းချုပ်ဆိုထားခဲ့တာကြောင့် လုခ်ရှော ဒဏ်ရာ သက်သာလာချိန်လောက်မှာပဲ ရယ်ဂီလွန်ကို အငှားဖျက်သိမ်းပြီး စပါးအသင်းဆီ ပြန်လည် ပို့ဆောင်ခဲ့ပါတယ်။
ဒါကြောင့် ရယ်ဂီလွန်ကတော့ လက်ကျန် ရာသီဝက်ကို ဘရန့်ဖို့ဒ်အသင်းဆီ အငှားနဲ့ပဲ ထပ်သွားခဲ့ရပါတယ်။
ရယ်ဂီလွန်က စပါးကို ရောက်ရှိပြီးနောက်ပိုင်း စပါးမှာ နည်းပြအပြောင်းအလဲတွေ ခပ်စိတ်စိတ် ဖြစ်ခဲ့ရင်းကနေ အသက်လက်တီကို၊ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရန့်ဖို့ဒ် (၃)သင်းဆီကို အငှားနဲ့ ထွက်ကစားခဲ့ရသလို အခုလည်း စပါးအသင်းမှာ သူ့အနာဂတ်က လုံးဝ မရေရာတော့လို့ ဒီနွေမှာပဲ အသင်းကနေ ထွက်ခွာရဖွယ် ရှိနေပါတယ်။
ရယ်ဂီလွန်က လာမယ့် ၂၀၂၅ခုနှစ်မှာပဲ စပါးအသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်လို့ ရယ်ဂီလွန်ကို ခေါ်ယူမယ့် ကလပ်အသင်းက လျှော့ဈေးနဲ့တင် ခေါ်ယူနိုင်မှာဖြစ်လို့ စပိန် လာလီဂါ ကလပ်အသင်းတွေနဲ့ ယူနိုက်တက်အသင်းကပါ ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက် ကတော့ ဘယ်ခြမ်းခံစစ်မှာ လုခ်ရှောကိုသာ အဓိက အသုံးပြုသွားမှာ ဖြစ်ပေမယ့်လည်း လုခ်ရှောက မကြာခဏ ဒဏ်ရာ ရနေတက်သလို နောက်ထပ် ဘယ်နောက်ခံလူ မာလာစီယာ ဟာလည်း တစ်ရာသီလုံး ဒဏ်ရာပြသာနာကြောင့် အနားယူထားရတာ ဖြစ်ပါတယ်။
ဒီကစားသမားတွေရဲ့ back up အဖြစ် အသုံးပြုဖို့ အတွက် ရယ်ဂီလွန်ကို ဈေးသက်သာတဲ့ တန်ကြေး ယူရို (၁၀) သန်း လောက်နဲ့ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။