ဒီည ဆွစ်နဲ့ပွဲ အင်္ဂလန် လူစာရင်းမှာ မိန်နူး မပါလာရင် ဂျာမနီကနေ တခါတည်း လှည့်ပြန်တော့မယ် ဆိုတဲ့ ဖာဒီနန်

ဒီည ဆွစ်ဇာလန်အသင်းနဲ့ ရင်ဆိုင်သွားရမယ့် အင်္ဂလန် အသင်းရဲ့ ယူရို-၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ်မှာ နည်းပြ ဂါရတ် ဆောက်ဂိတ်အနေနဲ့ ယူနိုက်တက်လူငယ် ကွင်းလယ်ကစားသမားလေး ကိုဘီ မိန်နူးကို ဆက်လက် အသုံးပြုသွားသင့်တယ်လို့ အင်္ဂလန် နဲ့ သရဲနီ ကစားသမားဟောင်းကြီး ရီယို ဖာဒီနန်က အကြံပြု တိုက်တွန်းလိုက်ပါတယ်။

ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲကြီး မတိုင်ခင်တုန်းက သူတို့အသင်းမှာ ပိုင်ဆိုင်ထားတဲ့ ထိပ်တန်း ကစားသမားကောင်းတွေကြောင့် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်ခဲ့ပေမယ့်လည်း တကယ်တမ်း ပြိုင်ပွဲ စတင်ချိန်မှာတော့ အင်္ဂလန်ဟာ ချန်ပီယံ ဖြစ်နိုင်လောက်တဲ့ ခြေစွမ်းခြေစမျိုးမှာ ရှိမနေပဲ ပွဲတိုင်း ရုန်းကန်နေခဲ့ရပါတယ်။

အုပ်စု(၃)ပွဲ ရှုံးထွက် (၁)ပွဲ စုစုပေါင်း (၄)ပွဲလုံးမှာ အင်္ဂလန်ရဲ့ ကစားကွက်က အားရစရာ ရှိမနေသေးပဲ နည်းပြဆောက်ဂိတ်ရဲ့ ကစားသမား အသုံးပြုမှုနဲ့ ကစားသမားတွေရဲ့ အားထုတ်မှုတွေက မေးခွန်းထုတ်စရာ ဖြစ်နေရပါတယ်။

ဒါပေမယ့် ဆောက်ဂိတ်က ဆွစ်ဇာလန်နဲ့ ပွဲစဉ်မှာ သူပုံမှန် သုံးနေကြ ကစားကွက်ကို အပြောင်းအလဲတွေ လုပ်ဆောင်သွားဖို့ စဉ်းစားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ကွင်းလယ်မှာ ဒက်ကလန်ရိုက်စ်နဲ့အတူ ဘယ်ကစားသမားကို တွဲဖက်မလဲဆိုတာ မသိရသေးပေမယ့် ဖာဒီနန်ကတော့ မိန်နူးကိုပဲ ဆက်သုံးဖို့ အကြံပြုသွားပါတယ်။

ဖာဒီနန်က “တကယ်လို့ အင်္ဂလန်ရဲ့ ပွဲထွက်ကစားသမားစာရင်းထဲမှာ ကိုဘီ မိန်နူး မပါလာခဲ့ဘူးဆိုရင်တော့ ကျွန်တော် ဂျာမနီကနေ ပြန်လာခဲ့လိုက်တော့မယ်။” ဆိုပြီး ရေးသား ဖော်ပြထားခဲ့ပါတယ်။

ဖာဒီနန်က အင်္ဂလန် ကွင်းလယ်မှာ ဒက်ကလန်ရိုက်စ်နဲ့ မိန်နူးအတွဲအဖက်ကိုသာ ဆွစ်နဲ့ပွဲမှာ မြင်တွေ့ချင်ပြီး အာနိုး ဂါလက်ဂါတို့ထက် မိန်နူးကိုပဲ သုံးစေချင်တယ်လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

အသက် (၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမားလေးဟာ ဆလိုဗက်ကီးယားနဲ့ ရှုံးထွက် (၁၆)သင်းအဆင့် ပွဲစဉ်မှသာ အင်္ဂလန်အတွက် ယူရို-၂၀၂၄ပြိုင်ပွဲမှာ ပထမဆုံး ပွဲထွက်ကစားပေးခဲ့ရတာဖြစ်ပြီး ဆွစ်ဇာလန်နဲ့ ရင်ဆိုင်ရမယ့် ကွာတားဖိုင်နယ်ပွဲမှာလည်း ပွဲထွက်ကစားရဖွယ် ရှိနေပါတယ်။