ဇတ်ဇီး ကို ရဖို့ မန်ချက်စတာ ယူနိုက်တက် သဘောတူညီမှု ရပြီ လို့ သတင်းထွက်ပေါ်နေပါတယ်
မန်ချက်စတာ ယူနိုက်တက်ဟာ အေစီမီလန်ကို ကျော်ဖြတ်ကာ ဘိုလော့ဂ်နာ တိုက်စစ်သမား ဂျိုရှာဇတ်ဇီးအား ခေါ်ယူရန် သဘောတူညီမှု ရရှိလာပြီ ဖြစ်ပါတယ်။
နောက်ဆုံးထွက်လာတဲ့ သတင်းတွေ အရ ယူနိုက်တက်ဟာ ကစားသမားနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း သိရပါတယ်။

ဒါကြောင့်လည်း ယူနိုက်တက်ဟာ ဇတ်ဇီးရဲ့ အပြောင်းအရွှေ့အပြီးသတ်ရေးအတွက် ဘိုလော့ဂ်နာနှင့် သဘောတူညီမှု ရရှိရန်သာ လိုအပ်ပါတော့တယ်။
ဇတ်ဇီးရဲ့ စာချုပ်အတွင်းတွင် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၃၄ သန်းပေးရမဲ့ အချက် ပါဝင်နေရာ ယူနိုက်တက်အနေဖြင့် ပေါင် ၃၄ သန်း ပေးလာမယ် ဆိုပါက အပြောင်းအရွှေ့မှာ မြန်မြန်ဆန်ဆန် အပြီးသတ်လာတော့မှာလည်း ဖြစ်ပါတယ်။
ဇတ်ဇီးဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဘိုလော့ဂ်နာအတွက် ၁၂ ဂိုးသွင်းကာ ၄ ကြိမ် ဖန်တီးပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ကူညီခဲ့သူလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ယခုနွေရာသီတွင် အန်တိုနီမာရှယ်ကို ထွက်ခွာခွင့်ပြုလိုက်ပြီးနောက် တိုက်စစ်အတွက် ဟွိုင်းလန်း၊ ရက်ဖို့ဒ်တို့ကိုသာ အားကိုးစရာရှိတော့ပြီ ဖြစ်ပြီး တိုက်စစ်ကို မဖြစ်မနေ အားဖြည့်ရန် လိုအပ်နေပါတယ်။
ဇတ်ဇီးဟာ နယ်သာလန်နှင့်အတူ ယူရို ၂၀၂၄ ပြိုင်ပွဲ ကစားနေပြီး ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်ထားပါတယ်။ နယ်သာလန်ဟာ ဗုဒ္ဓဟူးနေ့တွင် အင်္ဂလန်နှင့် ဆီမီးဖိုင်နယ်ပွဲ ကစားရပါမယ်။