မန်ချက်စတာ ယူနိုက်တက် လို ထိပ်သီးအသင်းရဲ့ စိတ်ဝင်စားခြင်း ခံရလို့ ဂုဏ်ယူနေတဲ့ ဘရာဇီးလ် နောက်ခံလူ
ဂျုဗင်တပ်စ်အသင်းမှ ဘရာဇီးလ် နောက်ခံလူ ဂလေဆွန် ဘရီမာက သူ့ကို မန်ချက်စတာ ယူနိုက်တက် အပါအဝင် ထိပ်တန်း ကလပ်အသင်းတွေကနေ စိတ်ဝင်စားနေမှုအပေါ် ဝမ်းမြောက် ဂုဏ်ယူမိတယ်လို့ ပြောကြားသွားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းက ဒီနွေမှာ ဗဟိုခံစစ် အတွက် ကစားသမားသစ် (၂)ဦးခန့်လောက်အထိ ဖြည့်တင်းသွားရဖို့ ရှိနေတာကြောင့် ဘရန့်ဝိတ် ဒီလစ် တိုဒီဘို ယိုရိုနဲ့ ဘရီမာတို့လို ဗဟိုခံစစ်ကစားသမားတွေကို ပစ်မှတ် စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။

လက်ရှိမှာတော့ ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နယ်သာလန် ခံစစ်ကစားသမား ဒီလစ်ကို ခေါ်ယူသွားနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေချိန်မှာ ဒီလစ်ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တောင်မှ နောက်ထပ် ခံစစ်ကစားသမားတစ်ဦးကို ထပ်မံ ခေါ်ယူသွားရဖို့လည်း ရှိနေပြန်ပါတယ်။
ယူနိုက်တက်ရဲ့ ခံစစ်ရေဒါထဲမှာ အပါအဝင် ဖြစ်နေတဲ့ ဂျုဗင်တပ်စ် ခံစစ်မှူး ဘရီမာက အခုလို ပစ်မှတ်ထားမှု အပေါ် ဂုဏ်ယူကြောင်း ထုတ်ဖော် ပြောဆိုကား တံခါးဟလာခဲ့တာပါ။
“ထိပ်တန်း ကလပ်အသင်းတချို့ရဲ့ စိတ်ဝင်စားမှုတွေ ရရှိနေတဲ့အပေါ် ကျွန်တော် တကယ်ကို ဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် ကျွန်တော်က လက်ရှိမှာလည်း ဂျုဗင်တပ်စ်လို ထိပ်တန်းကလပ်အသင်း တစ်သင်းမှာ ပါဝင်နေရတာပါ။”
“ကျွန်တော့်မှာ ရည်မှန်းချက်တွေ အများကြီးလည်း ရှိနေပါတယ်။ ဘရာဇီးလ်အသင်းနဲ့လည်း ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို တစ်ကြိမ် နှစ်ကြိမ်လောက်အထိ ပါဝင်ဆင်နွဲချင်ပါတယ်။ နောက်ပြီး ဥရောပမှာရှိတဲ့ ဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့အတွက်လည်း တိုက်ပွဲဝင်သွားချင်ပါတယ်။” လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ ဘရီမာရဲ့ ဘရာဇီးလ်အသင်းဟာ ကိုပါအမေရိကပြိုင်ပွဲကနေ ထွက်ခွာလိုက်ရပြီဖြစ်လို့ ဘရီမာအနေနဲ့ သူရဲ့ အနာဂတ်အတွက်ကိုလည်း အသေအချာ စဉ်းစားသွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။