တိုက်စစ်မှာ လူသစ် ရောက်တော့မှာ ဖြစ်လို့ ဂရင်းဝုဒ်ကို ဒီရက်ပိုင်းမှာပဲ မန်ချက်စတာ ယူနိုက်တက် ရောင်းထုတ်မည်

မန်ချက်စတာယူနိုက်တက်ဟာ ဒီရက်ပိုင်းမှာ ဘိုလော့ဂ်ညာ တိုက်စစ်မှူး ဂျိုရွှာ ဇာဇီးကို ခေါ်ယူနိုင်တော့မှာဖြစ်တာကြောင့် မေဆန် ဂရင်းဝုဒ်ကို ရောင်းထုတ်သွားတော့မှာပါ။ အင်္ဂလန်တိုက်စစ်မှူးဟာ အနာဂတ်နဲ့ပတ်သက်ပြီး မရေမရာဖြစ်နေတာကို စိတ်မရှည်ဖြစ်လာနေတယ်လို့ သိရပါတယ်။

ဒီနွေမှာ ဂရင်းဝုဒ်ကို ခေါ်ယူဖို့ မာဆေးလ်နဲ့ လာဇီယိုတို့ဟာ ဂရင်းဝုဒ်အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ရာသီ ဂီတာဖေးမှာ ၃၆ ပွဲ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီ ဂီတာဖေးရဲ့တစ်ရာသီ အကောင်းဆုံးကစားသမားဆု ရခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်၊ နာပိုလီ၊ အက်သလက်တီကို မက်ဒရစ်နဲ့ ဘာစီလိုနာတို့ကလည်း မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်နဲ့ သတင်းထွက်နေပေမယ့် မန်ချက်စတာယူနိုက်တက်က ပေါင်သန်း ၄၀ အထိ ကမ်းလှမ်းနိုင်တဲ့အသင်းကို ရောင်းထုတ်သွားမှာပါ။

ဂျာနယ်လစ် ဒေးဗစ် အွန်းစတိုင်းရဲ့ မကြာသေးမီက သတင်းအရ ဘိုလော့ဂ်ညာ တိုက်စစ်မှူး ဂျိုရွှာ ဇာဇီးအတွက် အပြောင်းအရွှေ့အပြီးသတ်နိုင်ဖို့ မန်ချက်စတာယူနိုက်တက်က ဘိုလော့ဂ်ညာနဲ့ ဆွေးနွေးနေတယ်လို့ သိရပြီး စာချုပ်လျော်ကြေးယူရိုသန်း ၄၀ အပြင် အေးဂျင့်ကော်မရှင်ခ ယူရို ၁၅ သန်းကိုပါ ပေးချေသွားရမှာပါ။

မန်ချက်စတာယူနိုက်တက်သာ ဂရင်းဝုဒ်ကို ရောင်းထုတ်နိုင်မယ်ဆိုရင် ဂျိုရွှာ ဇာဇီးရဲ့ အပြောင်းအရွှေ့အတွက် ကုန်ကျစရိတ်ကို ပြန်ကာမိမှာဖြစ်ပြီး အကယ်ဒမီထွက်ကစားသမားဟာ အသင်းအတွက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလက နောက်ဆုံးကစားပေးခဲ့သူဖြစ်ပါတယ်။