နယ်သာလန်နဲ့ ဆီမီးဖိုင်နယ်ပွဲ အတွက် ပွဲထွက်ကစားဖို့ ကြံ့ခိုင်မှုအပြည့်၊ အသင့်ပဲ လို့ လုခ်ရှော အသိပေး
အင်္ဂလန်နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း နောက်ခံလူ လုခ်ရှောက နယ်သာလန်အသင်းနဲ့ကစားမဲ့ ယူရိုဆီမီးဖိုင်နယ်ပွဲမှာ ပွဲထွက်ကစားဖို့ ကြံ့ခိုင်မှုအပြည့်အဝရှိနေပြီလို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။
စနေနေ့က ဆွစ်ဇာလန်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့အနိုင်ရတဲ့ ကွာတားဖိုင်နယ်ပွဲမှာ လုခ်ရှောဟာ ပွဲချိန် ၇၈ မိနစ်မှာ လူစားဝင်ကစားခဲ့ပြီး ဒါက ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ် ဘောလုံးပြန်ကစားနိုင်တာ ဖြစ်ပါတယ်။

လုခ်ရှောဟာ တံကောက်ကြောဒဏ်ရာကြောင့် ရက်ပေါင်း ၁၄၀ ကြာအနားယူခဲ့ရသလို ယူနိုက်တက်အသင်း ရာသီပိတ်ပွဲတွေအပြင် အင်္ဂလန်အသင်းရဲ့ အုပ်စုပွဲတွေနဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ပွဲတွေ အားလုံးကို လွဲချော်ခဲ့ပါတယ်။
အခု ဆွစ်ဇာလန်နဲ့ပွဲမှာ ယူရို-၂၀၂၄ ပွဲဦးထွက်အဖြစ် ပါဝင်ကစားခွင့်ရပြီးတဲ့နောက် လုခ်ရှောက နယ်သာလန်နဲ့ပွဲကျရင် ပွဲထွက် ကစားခွင့်ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
နယ်သာလန်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ လုခ်ရှောက “ပွဲထွက်ကစားဖို့အတွက် ကျွန်တော် ကြံ့ခိုင်မှုအပြည့်ရှိနေပြီလို့ ထင်ပါတယ်။
ဒါပေမဲ့ အဲဒါက ဆောက်ဂိတ်ရဲ့ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်ကတော့ ကြံ့ခိုင်မှုအပြည့်ရှိနေပြီး ပွဲထွက်ကစားဖို့ အသင့်ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။