ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရပြီးတဲ့နောက် ယူနိုက်တက်နဲ့ ဒီလစ် အပြောင်းအရွှေ့ ဘယ်အခြေအနေမှာ ရှိနေ

မန်ချက်စတာ ယူနိုက်တက်ဟာ နယ်သာလန် နောက်ခံလူ ဒီလစ် ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ယခုအခါမှာတော့ ပြောင်းရွှေ့ကြေး ပေါင် ၄၃ သန်းနဲ့ သဘောတူညီမှုရရှိဖို့ ဘိုင်ယန်မြူးနစ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပြီ ဖြစ်ပါတယ်။

နည်းပြ အဲရစ်တန်ဟက် အနေနဲ့ အေဂျက်စ်မှာ လက်တွဲခဲ့ဖူးတဲ့ ဒီလစ် ကို အိုးလ်ထရက်ဖို့ဒ်သို့ အမြန်ဆုံးခေါ်ယူနိုင်ဖို့ စိတ်အားထက်သန်နေသလို ကစားသမားဘက်ကလည်း နည်းပြဟောင်းနဲ့ ပြန်လည်လက်တွဲလိုနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

၂၀၁၉ နွေရာသီမှာတော့ ဒီလစ်ဟာ ဂျူဗင်တပ်စ်သို့ ပေါင် ၆၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၃ နှစ် အကြာမှာတော့ ဘိုင်ယန်မြူးနစ် သို့ ပေါင် ၆၈ သန်းနဲ့ရောက်ရှိလာခဲ့ပါတယ်။

ယူနိုက်တက်ဟာ အသင်းရဲ့နောက်တန်းကို အဓိကထားပြီး ပြင်ဆင်မှုတွေပြုလုပ်သွားမှာဖြစ်လို့ အသက်-၂၄ နှစ်အရွယ်နောက်ခံလူကို ၅ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်နဲ့ကမ်းလှမ်းထားတယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာတော့ ဒီလစ်ချ်ဟာ နယ်သာလန်လက်ရွေးစင်အသင်းနဲ့အတူ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ခွင့်ရထားပြီး ဗုဒ္ဓဟူးနေ့မှာတော့ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အင်္ဂလန်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

သို့သော်လည်း လက်ရှိအချန်အထိတော့ ဗဟိုနောက်ခံလူဟာ နယ်သာလန်ရဲ့ ပွဲစဉ်တွေမှာ ပါဝင် ကစားခွင့်မရသေးဘဲ အရန်လူစာရင်းမှာသာ ဆက်တိုက်ပါဝင်ထားတာဖြစ်ပါတယ်။

ယူရိုပြိုင်ပွဲ ပြီးဆုံးချိန်မှာတော့ ဒီလစ်ချ်အနေနဲ့ ၃ ပတ်ကြာအနားရသွားမှာဖြစ်ပြီး အဆိုပါ ကာလ အတောအတွင်းမှာ ယူနိုက်တက်နဲ့ ချိတ်ဆက်သွားနိုင်ချေရှိပါတယ်။

ဒီလစ် အပြင် ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ဘိုလော့ဂ်နာကြယ်ပွင့် ဂျိုရှူးဝါးဇာကီကိုလည်း ခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ယူနိုက်တက်ဟာ တိုက်စစ်ကစားသမားကို ပေါင် ၃၄ သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်ထားတယ်လို့သိရပါတယ်။