မန်ချက်စတာ ယူနိုက်တက်မှာ ဆက်ရှိနေတာ အနာဂတ် အတွက် ရင်ခုန်လို့ ဆိုတဲ့ နည်းပြတန်ဟက်ရဲ့ ရင်ဖွင့်စကားသံ

မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်က အသင်းရဲ့ အနာဂတ်အတွက် ရင်ခုန် စိတ်လှုပ်ရှားနေရကြောင်း ဖွင့်ဟပြောကြားလာပါတယ်။

အဲရစ်တန်ဟက်ဟာ ယူနိုက်တက်ကို အက်ဖ်အေဖလား ရယူပေးပြီးနောက် အနာဂတ်နှင့်ပတ်သက်ပြီး သိရှိရန် နှစ်ပတ်တိတိ စောင့်ဆိုင်းခဲ့ရသူလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ၂၀၂၃-၂၄ ရာသီကို ပြန်လည်ဆန်းစစ်သုံးသပ်ပြီးနောက် အဲရစ်တန်ဟက်အား နည်းပြအဖြစ် ဆက်လက် ခန့်အပ်ရန် ဆုံးဖြတ်ကာ တစ်နှစ်စာချုပ်သက်တမ်းတိုး ချုပ်ဆိုခဲ့ပါတယ်။

MUTV နှင့် အင်တာဗျူးမှာတော့ အဲရစ်တန်ဟက်က ယူနိုက်တက်ရဲ့ အနာဂတ်နှင့်ပတ်သက်ပြီး စိတ်လှုပ်ရှားစရာမရှိပါက စာချုပ်သစ်ချုပ်ဆိုလာမှာ မဟုတ်ကြောင်း ပြောကြားသွားပါတယ်။

INEOS ဟာ ဒီဇင်ဘာလတွင် ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင် ဖြစ်လာပြီးနောက် ကလပ်ရဲ့ ဘောလုံးရေးရာကိစ္စရပ်များကို လွှမ်းမိုး လုပ်ဆောင်လာပါတယ်။

ယူနိုက်တက်ဟာ အိုမာဘာရာဒါကို အမှုဆောင်ချုပ်သစ်အဖြစ် လည်းကောင်း၊ ဒန်းအက်ရှ်ဝတ်ကို အားကစားဒါရိုက်တာသစ်အဖြစ်လည်းကောင်း၊ ဂျေဆင်ဝဲလ်ကော့စ်ကို နည်းစနစ်ဒါရိုက်တာအဖြစ်လည်းကောင်း ခန့်အပ်ကာ အပြောင်းအလဲများ ပြုလုပ်ထားပါတယ်။

နည်းပြ တန်ဟက် က “ပိုင်ရှင်သစ်က ကျွန်တော်တို့ကို ကူညီပေးနိုင်ပါတယ်။ ဘောလုံးနဲ့ပတ်သက်ပြီး ပထမအသင်းနဲ့ပတ်သက်ပြီး ကျေနပ်ရပါတယ်။ ကျွန်တော်တို့မှာ တောင့်တင်းတဲ့ အဆောက်အဦ ရှိနေရင် နည်းလမ်းများစွာနဲ့ အကူအညီဖြစ်လာစေပါမယ်။

ကင်းထောက်တို့၊ ကစားသမားအင်အားဖြည့်တာတို့၊ ဆေးဘက်ဆိုင်ရာနဲ့ စွမ်းဆောင်ရည်ပိုင်းဌာနတို့ပေါ့။ ဒါတွေက အများကြီး အထောက်အပံ့ ဖြစ်လာမှာ ဖြစ်သလို အသင်းကို မြင့်တက်လာအောင် လုပ်လာမဲ့အရာတွေပါ”လို့ ပြောကြားသွားပါတယ်။

အဲရစ်တန်ဟက်ဟာ အက်ဖ်အေဖလား ဆွတ်ခူးပြီးနောက် ဆာအဲလက်စ် ဖာဂူဆန် နောက်ပိုင်းတွင် ယူနိုက်တက် ကို ၂ နှစ် ဆက် ဆုဖလားဆွတ်ခူးနိုင်အောင် စွမ်းဆောင်နိုင်တဲ့ ပထမဆုံးနည်းပြ ဖြစ်လာပါတယ်။

ဆက်လက်ပြီး အဲရစ်တန်ဟက်က “ဆုဖလားတွေ ရယူဖို့ ဒီကို ရောက်လာတာပါ။ ဆုဖလား ၂ လုံးရယူထားပြီးပါပြီ။ ခြောက်နှစ်ကြာ ဆုဖလားလက်မဲ့ ဖြစ်ပြီးတော့မှ ရယူနိုင်ခဲ့တာပါ။ အခုဆိုရင် လမ်းကြောင်းကောင်းပေါ်မှာ ရောက်နေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဖြစ်စဉ်တစ်ခု လုပ်ခဲ့ရတယ်။ နွေရာသီမှာ တည်ဆောက်ခဲ့ရတယ်။ အခုဆိုရင် တိုက်ခိုက်ဖို့ အရမ်းကောင်းတဲ့အနေအထားသို့ ရောက်နေပြီ ဖြစ်ပါတယ်”လို့ ပြောကြားသွားပါတယ်။

ယူနိုက်တက်ဟာ အဲရစ်တန်ဟက်ရဲ့ လက်ထောက်နည်းပြများအဖြစ် တိုက်စစ်မှူးဟောင်းရုဒ်ဗန်နစ္စတယ်ရွိုင်းနှင့် Go Ahead Eagles နည်းပြဟောင်း ရီနီဟာကီတို့အား ခန့်အပ်ထားပြီး ဖြစ်ပေမဲ့လည်း အလုပ်လုပ်ခွင့် ပါမစ်ကြောင့် တရားဝင်ကြေညာခြင်း မရှိသေးပါဘူး။