ဗီလာရီးရဲလ်ကို ဂိုးသွင်းနိုင်တာကြောင့် မှတ်တမ်းသစ် ထပ်ရတော့မယ့် ရော်နယ်ဒို
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် 5 အဖြစ် စပိန်မြေမှာ ဗီလာ ရီးယဲ အသင်းကို သွားရောက် ရင်ဆိုင်ခဲ့ပြီး အဝေးကွင်းမှာ 0 – 2 ဆိုတဲ့ ရလဒ် နဲ့ အတူ သုံးပွဲဆက် နိုင်ပွဲတွေ ပျောက်ဆုံးနေမှုကို ရပ်တန့်သွားနိုင်ခဲ့ပါတယ် ။
ဒါဟာ ဆိုးလ်ရှား မရှိတဲ့နောက် ယူနိုက်တက်ကို ယာယီ နည်းပြ အဖြစ် မိုက်ကယ် ကာရစ် က ပထမဆုံး အကြိမ် ကိုင်တွယ်ခွင့် ရရှိခဲ့ပြီး အဖိုးတန် နိုင်ပွဲနဲ့ အတူ အုပ်စု ပွဲစဉ် 5 အပြီးမှာပဲ ချန်ပီယံလိဂ် 16 သင်း ရှုံးထွက် အဆင့်ကို ရောက်ရှိ စေခဲ့တာပဲ ဖြစ်ပါတယ်။
ဒီပွဲမှာ ရော်နယ်ဒိုဟာ အသင်းကို နေရာစုံက ကူညီပေးဖို့ ကြိုးစားခဲ့ပြီး ခံစစ်ကိုလည်း အတော်လေး ဆင်းကူ ပေးနိုင်ခဲ့ပါတယ်။ အခွင့်အရေး ရရှိချိန်မှာလည်း ပါးနပ်စွာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဗီလာရီးရဲလ်နဲ့ပွဲမှာ ယူနိုက်တက်အတွက် အဖိုးတန် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တဲ့နောက် ရော်နယ်ဒိုက ကလပ်မှာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် 5 ပွဲဆက်တိုက် ဂိုးသွင်းယူပေးခဲ့ခြင်းဖြစ်တယ်။
လက်တလေမှာ ချန်ပီယံလိဂ် အုပ်စုတွင်း သွင်းဂိုး 6 ဂိုးအထိ သွင်းယူပေးထားခဲ့ပြီး ယန်းဘွိုင်းနဲ့ပွဲမှာသာ ဂိုးထပ်ရမယ်ဆိုရင် အုပ်စုအဆင့် ပွဲစဉ်အားလုံးမှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားအဖြစ်မှတ်တမ်းဝင်တော့မှာဖြစ်ပါတယ်။
ဗီလာရီးရဲလ်ပွဲမှာ ဂိုးသွင်းခဲ့တာကြောင့် ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်သမိုင်းမှာ တရာသီအတွင်း ပွဲချိန်နောက်ဆုံး 15 မိနစ်မှာ သွင်းဂိုး 3 ဂိုး ရထားပြီဖြစ်ကာ အဆိုပါ အချိန်အတွင်း အနိုင်ဂိုးအများဆုံးသွင်းနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။