ရုဒ်ဗန် နစ္စတယ်ရွိုင်း ရောက်ရှိလာခြင်းနဲ့ အတူ တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဖွဲ့ အပြောင်းအလဲများ
မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင် တိုက်စစ်မှူးဟောင်းကြီး ရုဒ်ဗန် နစ္စတယ်ရွိုင်းဟာ နည်းပြ အဲရစ်တန်ဟက်ရဲ့ အပြောင်းအလဲ အစီအမံ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ဒီနွေမှာ ယူနိုက်တက်သို့ လက်ထောက်နည်းပြအဖြစ်ဖြင့် ရောက်လာခဲ့ပါတယ်။
နစ္စတယ်ရွိုင်းဟာ ၂၀၀၁ ခုနှစ်တွင် ယူနိုက်တက်သို့ တိုက်စစ်မှူးအဖြစ် ပြောင်းရွှေ့လာပြီးနောက် ၅ ရာသီကြာ ကစားပေးခဲ့ပါတယ်။

သူဟာ ယူနိုက်တက်တွင် ကစားတဲ့ ၅ ရာသီတွင် ဂိုး ၁၅၀ သွင်းယူပေးခဲ့ကာ ဆာအဲလက်စ်ဖာဂူဆန်နှင့် ပြဿနာတက်ပြီးနောက် ရီးရဲလ်မက်ဒရစ်သို့ ထွက်ခွာခဲ့ပါတယ်။
သူဟာ ၂၀၂၂-၂၃ ရာသီတုန်းက ပီအက်စ်ဗွီကို ဒတ်ချ်ရှုံးထွက်ဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ထွက်ခွာလာပြီးနောက် အသင်းလက်မဲ့ ဖြစ်လာခဲ့သူလည်း ဖြစ်ပါတယ်။
အသက် ၄၈ နှစ်ရှိ နစ္စတယ်ရွိုင်းဟာ အဲရစ်တန်ဟက်ရဲ့ နည်းပြအဖွဲ့တွင် Go Ahead Eagles နည်းပြဟောင်းရီနီဟာကီနှင့်အတူ တာဝန်ထမ်းဆောင်သွားမှာလည်း ဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးဟာ ယူနိုက်တက်နှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ကြပါတယ်။
အဲရစ်တန်ဟက်ဟာ လက်ထောက်နည်းပြ မီချဲလ်ဗန်ဒါဂရက်နှင့် တိုက်စစ်နည်းပြဘန်နီမက္ကာသီတို့အား လက်လွတ်ဆုံးရှုံးထားရပါတယ်။
ယူနိုက်တက် လက်ထောက်နည်းပြအဖြစ် ဝါရင့်နည်းပြစတိဗ်မက္ကာရင် ဆက်ရှိနေပြီး ယခင် နည်းစနစ်ဒါရိုက်တာဒါရင်းဖလက်ချာမှာလည်း ပထမအသင်းနည်းပြ ဖြစ်လာပါတယ်။ ယူနိုက်တက်ဟာ နည်းစနစ်ဒါရိုက်တာအဖြစ် ဂျေဆင်ဝဲလ်ကော့စ်အား ခန့်အပ်ထားပါတယ်။