မန်ယူ လာချင်နေတဲ့ တိုနေး၊ ယိုရို အဖြေ စောင့်နေခြင်း၊ လုခ်ရှော၊ မာလာစီယာ ပြန်လာတာနဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းထူးများ
ဘရန့်ဖို့ဒ် တိုက်စစ်မှုး အိုင်ဗန် တိုနေးကို ခေါ်ယူဖို့ အာဆင်နယ်က စိတ်ဝင်စားနေပေမယ့် ကစားသမားကတော့ ယူနိုက်တက် ထံ ပြောင်းရွှေ့ချင်နေပါတယ်။ တိုနေးက သူ့လက်ရှိကလပ် ဘရန့်ဖို့ဒ်ကိုလည်း ဒီအကြောင်း အသိပေးထားတယ်လို့ သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ လိုင်လီ ခံစစ်မှုး ယိုရို ကို ခေါ်ယူရေးကနေ နောက်မဆုတ်သေးဘဲ အဖြေကို စောင့်ဆိုင်းနေသေးကြောင်း သိရပါတယ်။

ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လိုင်လီက လက်ခံထားပေမယ့် ယိုရို ကတော့ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းဖို့သာ စိတ်အား ထက်သန်နေပြီး ယူနိုက်တက်ကို လက်မခံသေးပါဘူး။
ပြီးခဲ့တဲ့ ရာသီက ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် တစ်ရာသီလုံး လွဲချော်ခဲ့ရတဲ့ ယူနိုက်တက် နောက်ခံလူ မာလာစီယာ က မြက်ခင်းစိမ်းတွေပေါ် ပြန်လာခဲ့ပြီ ဖြစ်ပါတယ်။ မာလာစီယာ က တစ်ဦးတည်း ပြန်လည် လေ့ကျင့်နေတဲ့ ပုံရိပ်တွေ ယူနိုက်တက်က သတင်းတင်ထားခဲ့တာပါ။
မန်ချက်စတာ ယူနိုက်တက်ဟာ နောက်ခံလူ ကန်ဘွာလာ ကို ဗီလာရီးရဲလ်ထံ ရောင်းချဖို့ သဘောတူညီခဲ့ပါတယ်။
ကန်ဘွာလာ ကို ရောင်းချဖို့ သဘောတူ အပြီးမှာ ယူနိုက်တက်ဟာ နောက်ထပ် ကစားသမား ၅ ဦးကိုလည်း အရောင်း စာရင်းသွင်းကာ ရှင်းထုတ်ဖို့ ကြိုးစားနေပါတယ်။ အဲဒီထဲမှာ လင်ဒီလော့ဖ်နဲ့ ဘစ်ဆာကာ တို့လည်း ပါဝင်နေပါတယ်။
ညက အင်္ဂလန်နဲ့ စပိန်တို့ ယူရိုဖိုင်နယ်ပွဲ မတိုင်ခင် ဘီဘီစီရဲ့ အစီအစဉ်ကနေ မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန် အသင်းသား လုခ်ရှော အား အသင်းပိုင်ရှင် ဆာဂျင် ရက်ကလစ်ဖ် က ” လုခ်ရေ .. မင်း တံကောက်ကြောတော့ ထပ် မထိပါစေနဲ့ကွာ.. ” လို့ ရက်ကလစ်ဖ်က ဆုတောင်း ဆန္ဒပြုစကား ဆိုခဲ့ပါတယ်။