လူငယ် ဂိုးသမားလေး ကယ်လို့ ဂိုးအရမ်း မပြတ်သွားတဲ့ ယူနိုက်တက် ရဲ့ ပွဲဦးထွက် ခြေစမ်းပွဲ အရှုံးနဲ့ ထူးခြား တောက်ပခဲ့သူ ၂ဦး
၂၀၂၄ နွေကာလ ရာသီကြို ပထမဆုံး ခြေစမ်းပွဲ အဖြစ် မန်ချက်စတာ ယူနိုက်တက်ဟာ နော်ဝေကလပ် ရိုဆန်ဘတ်အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ရာ ၁-၀ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက် လူငယ် ဂိုးသမားလေး ဗီတက် လက်စွမ်းပြလို့သာ ဂိုးအများကြီး မပြတ်သွားခဲ့တာပါ။
ယူနိုက်တက် မှာ အဓိက ကစားသမားအများစု မပါဝင်ပေမဲ့ စီနီယာကစားသမားတွေဖြစ်ကြတဲ့ ဘစ်ဆာကာ၊ ကတ်စ်မဲရိုး၊ အီဗန်စ်၊ မေဆင်မောင့်၊ ရပ်ရှ်ဖို့ဒ်တို့နဲ့အတူ လူငယ်ကစားသမားတွေဖြစ်တဲ့ ဝိဒ်လေ၊ ဝီလီယံစ်၊ ဗီတက်၊ မာရေး၊ ဟန်နီဘယ်လ်၊ ဝဲလ်ဖစ်ရှ်တို့ ပွဲထွက်ခဲ့ပြီး ကတ်စ်မဲရိုးက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။

ရိုဆန်ဘတ် အသင်းဟာ နော်ဝေမှာ ထိပ်တန်းအဆင့်ရှိတဲ့ ကလပ်ဖြစ်သလို အခုပွဲမတိုင်ခင် ရာသီကြိုခြေစမ်းပွဲအဖြစ် ၁၃ ပွဲအထိကစားခဲ့တာကြောင့် ယူနိုက်တက်အသင်းထက် ပြင်ဆင်မှု ပိုရခဲ့ပါတယ်။
ရိုဆန်ဘတ်က အနိုင်ဂိုး ကို ပွဲချိန် ၉၃ မိနစ်မှသာ သွင်းယူနိုင်ခဲ့တာပါ။ ပွဲ ပထမပိုင်းမှာ ယူနိုက်တက်တို့ ဂိုးမပေးခဲ့ရတာ ကံကောင်းခဲ့ပြီး တိုင်နှစ်ကြိမ် ထိခဲ့ကာ လူငယ်ဂိုးသမား ဗီတက် လက်စွမ်းပြခဲ့ပါတယ်။
ချက်ဇ် လူငယ်ဂိုးသမားလေးထံက ကျစ်လစ်တဲ့ စွမ်းဆောင်ရည်ဟာ နည်းပြတန်ဟက်ကို သဘောကျစေခဲ့မှာပါ။ ဒါ့အပြင် ပထမပိုင်း ၄၅ မိနစ် ဝင်ကစားခဲ့တဲ့ မေဆန်မောင့် ကစားပုံ ကောင်းမွန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီ ရုန်းကန်ခဲ့ရတဲ့ ကွင်းလယ် ကစားသမား မောင့် ဟာ ဒီပွဲမှာ ပြိုင်ဘက်ကစားသမားတွေကို ဖိအားပေးနိုင်ခဲ့ပြီး ဘောလုံးနဲ့အတူ လှုပ်ရှားမှုတွေလည်း ကောင်းခဲ့ပါတယ်။
မနှစ်က ချယ်ဆီးကနေ ပြောင်းလာပြီးတည်းက ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ မောင်ဟာ အခွင့်အရေး ဖန်တီးမှုတွေ လုပ်ပေးနိုင်ခဲ့ပေမယ့် ပထမပိုင်းအတွင်း ယူနိုက်တက်ရဲ့ တစ်ကြိမ်တည်းသော ဂိုးပေါက် ခြိမ်းခြောက်မှုဟာ လူငယ်လေး အီသန်ရဲ့ ကန်သွင်းမှုပဲ ဖြစ်ပါတယ်။
ပထမဆုံး ခြေစမ်းပွဲမှာ ယူနိုက်တက် အသင်းသားတွေ ပွဲဆက်ပြတ်နေလို့ အဆင်မပြေတဲ့ ပုံစံတွေ တွေ့ရပြီး အမြင့်ဆုံးအားဖြင့် သရေလောက်ပဲ မျှော်လင့်နိုင်လောက်တဲ့ ခြေစွမ်းဖြစ်ပါတယ်။
ရက်ဖိုဒ့်၊ ကာဆီမီရိုတို့ ပထမပိုင်း ၄၅ မိနစ် ကစားခဲ့ကြပေမယ့် ကြံ့ခိုင်မှု မပြည့်ဝသေးသလို ပုံမှန်ခြေစွမ်း မပြသနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာ လူငယ်တွေကို ထည့်သုံးခဲ့ခြင်းဖြစ်ကာ မိနစ် ၉၀+၃ မှာတော့ ရိုဆန်ဘတ် အသင်းက နိုအာဟွမ်းက အနိုင်ဂိုး သွင်းယူသွားခဲ့ပါတယ်။
ဒီပွဲပြီးတဲ့နောက် ယူနိုက်တက်ရဲ့ ဒုတိယ ခြေစမ်းပွဲကတော့ လာမယ့် စနေနေ့မှာ ရိမ်းဂျားစ် အသင်းနဲ့ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။