လူငယ် ဂိုးသမားလေး ဗီတက် ကို ဘူဖွန်လက်သစ် လို့ ချီးကျူးပြီး နေရာပေးဖို့ ယူနိုက်တက် ဂန္တဝင်တွေနဲ့ ပရိသတ်တွေ တောင်းဆို
ပြီးခဲ့တဲ့ ရက်က နော်ဝေကလပ် ရိုဆင်ဘော့ နဲ့ ခြေစမ်းပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် လက်စွမ်းပြခဲ့တဲ့ လူငယ်ဂိုးသမား ဗီတက် ရဲ့ စွမ်းဆောင်ရည်အပေါ် မန်ယူ အသင်းဂန္ထဝင်တွေနဲ့ပရိသတ်တွေက တဖွဖွ ချီးကျူးနေကြပါတယ်။
မန်ယူတို့ အဖွင့်မလှဘဲ ၁-ဝ နဲ့ အရေးနိမ့်ခဲ့ရတဲ့ အဲဒီ ခြေစမ်းပွဲမှာ နည်းပြ တန်ဟက်က အသက် ၂၀ သာရှိသေးတဲ့ ချက်လူငယ်ဂိုးသမား ဗီတက်ခ်ကို ပွဲထွက်အသုံးပြုခဲ့ပြီး စီနီယာကစားသမားတွေဖြစ်ကြတဲ့ ကတ်စ်မဲရိုး၊ မေဆင်မောင့်၊ ရပ်ရှ်ဖို့ဒ်၊ အီဗန်စ်၊ ဘစ်ဆာကာတို့လည်း ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ယူနိုက်တက် က ခြေစွမ်းမပြနိုင်ဘဲ ပထမပိုင်း ၄၅ မိနစ်မှာ ရိုဘင်ဘော့ဂ်အသင်းက ဆက်တိုက်ဖိကစားခဲ့ပေမဲ့ ဗီတက် ရဲ့ ကာကွယ်မှုတွေကြောင့် ဂိုးမရခဲ့ပါဘူး။
ပထမပိုင်းပွဲကစားချိန်အတွင်း ဗီတက်ခ်ဟာ သေချာပေါက်ဂိုးပေးရမဲ့ အပိုင်အခွင့်အရေး ၄ ကြိမ်ကို လက်စွမ်းပြကာကွယ်ခဲ့ပြီး ဗီတက် ရဲ့စွမ်းဆောင်ရည်အပေါ် ၁၉၉၉ ဖလား ၃ လုံး ချန်ပီယံအသင်းသားဟောင်းဖြစ်သူ ရော်နီဂျွန်ဆင်က ချီးကျူးစကားပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ၉၂ မိနစ်မှာ ရိုဆင်ဘော့ တိုက်စစ်မှူး နိုအာဟုမ်း သွင်းယူတဲ့ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့လည်း ယူနိုက်တက်ပရိသတ်တွေကတော့ ဗီတက် ရဲ့စွမ်းဆောင်ရည်ကို ကျေနပ်အားရနေကြပြီး လာမဲ့ရာသီကျရင် ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။
အွန်လိုင်းမှာ ယူနိုက်တက်ပရိသတ်တွေက အခုလို အသီးသီး မှတ်ချက်ပေးမှုတွေလည်း ရှိနေပါတယ်။
‘ယူနိုက်တက်ရဲ့ခြေစွမ်းကတော့ စုတ်ပြတ်နေတာပါပဲ။ အကောင်းပြောစရာဆိုလို့ ဘူဖွန်လက်သစ်ဖြစ်တဲ့ ဗီတက် ရဲ့စွမ်းဆောင်ရည်တစ်ခုပဲ ရှိပါတယ်’
‘အိုနာနာနေရာမှာ ဗီတက် ကို အစားထိုး အသုံးပြုစေချင်ပါတယ် . . .’
‘ဗီတက် ဟာ အရည်အချင်းရှိတဲ့ ဂိုးသမားဖြစ်ပြီး စီနီယာအသင်းမှာ နေရာရလာဖို့ မျှော်လင့်ပါတယ်’
‘ဗီတက်ကြောင့် ယူနိုက်တက်အသင်း ၃၊ ၄ ဂိုးအထိ ဂိုးပြတ်ရှုံးနိုင်တဲ့အခြေအနေကို ရှောင်လွှဲနိုင်ခဲ့တာဖြစ်ပါတယ်’လို့ အသီးသီး ရေးသားခဲ့ပါတယ်။
အရပ် ၆ ပေ ၆ လက်မအထိ မြင့်မားတဲ့ ဗီတက် ဟာ ၂၀၂၀ ခုနှစ်က Sigma Olomouc ကနေ ယူနိုက်တက် အကယ်ဒမီကို ရောက်ရှိခဲ့ပေမဲ့ ယူနိုက်တက်စီနီယာအသင်းအတွက် ပြိုင်ပွဲကြီးမှာ ပွဲဦးထွက်ခွင့် မရသေးဘဲ ပြီးခဲ့တဲ့ရာသီက League Two ကလပ် Accrington Stanley အသင်းမှာ အငှားနဲ့ကစားခဲ့ရပြီး စုစုပေါင်း ၁၈ ပွဲကစားခွင့်ရခဲ့ပါတယ်။