ဘာစီလိုနာနည်းပြ ဇာဗီနဲ့ ပက်သက်လို့ ထောက်ခံစကား ပြောသွားခဲ့တဲ့ မက်ဆီ
ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီက တစ်နေ့မှာ အသင်းဟောင်း ဘာစီလိုနာသို့ ပြန်လာမည်ဖြစ်ကြောင်း ပြောကြားပြီး နည်းပြသစ်ဇာဗီက ဘာစီလိုနာအတွက် များစွာအထောက်အကူ ပေးနိုင်ကြောင်း ထောက်ခံပေးခဲ့သည်။
ဘာစီလိုနာသည် မိမိနှလုံးသားထဲတွင် ရှိနေဆဲဖြစ်ကြောင်းလည်း အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီက စပိန်သတင်းဌာနနှင့် အင်တာဗျူးမှာ ပြောကြားခဲ့သည်။ ထို့အပြင် အသက် ၃၈နှစ် အရွယ်ရှိပြီဖြစ်သည့် ဒန်နီအဲလ်ဗက်စ်ကို ဘာစီလိုနာက ပြန်ခေါ်ယူခဲ့ခြင်းကြောင့် မိမိအနေဖြင့်အံ့သြသင့်ရကြောင်း မက်ဆီက ပြောကြားပြီး ဘရာဇီးသားကလည်း ဘာစီလိုနာကို များစွာကူညီပေးနိုင်လိမ့်မည်ဟု ထောက်ခံခဲ့သည်။

လောလောဆယ်တွင် ဘာစီလိုနာထက် ပိုကောင်းသော အသင်းများရှိနေသည်ဟု မိမိအနေဖြင့် ထင်မှတ်ထားကြောင်း သို့သော် ဇာဗီ ရောက်ရှိလာခြင်းနှင့်အတူ ဘာစီလိုနာ၌ မျှော်လင့်ချက်အသစ်တစ်ခု ရှိလာကြောင်း ၎င်းကပြောကြားသည်။
ဇာဗီသည် အကယ်ဒမီ ကစားသမားဘဝကတည်းက ဘာစီလိုနာ၌ရှိနေခဲ့ပြီး အသင်းအကြောင်းကို ကောင်းစွာ သိရှိထားသူဖြစ်ကာ ကစားသမားများနှင့် ပရိသတ်များ၏ လေးစားမှုကို ရရှိထားသူဖြစ်ကြောင့် အသင်းကို များစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း မက်ဆီကပြောကြားသည်။
ဘာစီလိုနာ အနေဖြင့် ပြန်လည်တည်ဆောက်ဆဲ အဆင့်တစ်ခုကို ဖြတ်သန်းနေရကာ လူငယ်ကစားသမား အများအပြားရှိသောကြောင့် တစ်ကျော့ပြန် ထိပ်တန်းအဆင့်သို့ ရောက်ရှိလာမည်ဟု ယုံကြည်ကြောင်း မက်ဆီက ပြောကြားသည်။
ဘာစီလိုနာသည် မိမိ၏ အိမ်ကဲ့သို့ဖြစ်ပြီး တစ်နေ့နေ့တွင် ပြန်လာပါမည်ဟုလည်း မက်ဆီကပြောဆိုခဲ့ပါသည်။