နာမည်ကျော် ဗီဒစ် ကျောနံပါတ်ကို ဝတ်ဆင်ပြီး သရဲနီသစ် ဖြစ်လာတဲ့ ယိုရို၊ နောက်ဆက်တွဲ ကွင်းလယ် ခေါ်ယူမှုပါ သဘောတူညီမှုရ

နောက်ဆုံးမှာတော့ ယိုရို ရောက်လာပါပြီ။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လိုင်လီအသင်းရဲ့ ဆယ်ကျော်သက် ပြင်သစ် နောက်ခံကစားသမားလေး လင်နီ ယိုရိုကို ခေါ်ယူလိုက်ကြောင်း Official ကြေညာသွားပါတယ်။

ယိုရို ကို ယူနိုက်တက်က ပြောင်းရွှေ့ကြေး ပေါင် (၅၂.၂)သန်း + အပိုဆုကြေး ပေါင် (၆.၇)သန်းတို့နဲ့ တရားဝင် ခေါ်ယူလိုက်ပြီး (၅)နှစ် + (၁)နှစ် စာချုပ်ကိုပါ ချုပ်ဆိုလိုက်ပါတယ်။

အသက် (၁၈)နှစ်သာ ရှိသေးတဲ့ ယိုရိုဟာ မန်ယူနိုက်တက်အသင်းမှာ တစ်နှစ်လုပ်ခ ပေါင် (၅.၉)သန်းအထိ ရရှိသွားမှာဖြစ်ပြီး အသင်းရဲ့ legend နောက်ခံကစားသမားဟောင်းကြီး နီမန်ဂျာ ဗီဒစ် ဝတ်ဆင်ခဲ့ဖူးတဲ့ ကျောနံပါတ် (၁၅)ကို ဝတ်ဆင်သွားရမှာပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယိုရိုကို ခေါ်ယူလို့အပြီးမှာ ယိုရိုနဲ့ အေးဂျင့်အတူတူဖြစ်တဲ့ ပီအက်စ်ဂျီရဲ့ ဥရုဂွေး ကွင်းလယ်ခံစစ်ကစားသမား မာနူရယ် အူဂါတီကို ထပ်မံ ခေါ်ယူဖို့အတွက်ပါ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိသွားခဲ့ကြောက် သတင်းထွက်လာပါတယ်။

လက်ရှိမှာတော့ ဒီအပြောင်းအရွှေ့အတွက် အလုံးစုံ သဘောတူညီချက် ရရှိနိုင်ဖို့ ပီအက်စ်ဂျီအသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ကစားသမား ကိုယ်တိုင်ကတော့ ချန်ပီယံလိဂ် မကစားရသည့်တိုင် ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ရဖို့ စိတ်အားထက်သန်လျက် ရှိနေပါတယ်။