လာမယ့် ရာသီ မန်ချက်စတာ ယူနိုက်တက်ကို Top 4 ထဲ ဝင်မယ် ထင်မထားတဲ့ မိုက်ကယ်အိုဝင် ရဲ့ သုံးသပ် ခန့်မှန်းချက်
မန်ယူနဲ့ လီဗာပူး အသင်းတို့မှာ ကစားခဲ့တဲ့ တိုက်စစ်မှူးဟောင်းကြီး မိုက်ကယ် အိုဝင်ကတော့ လာမယ့် ဘောလုံးရာသီ အကုန်မှာ ဘယ်အသင်း ချန်ပီယံ၊ ဘယ်အသင်းတွေ အဆင့် ၄ ထဲဝင်မယ် ဆိုတာ သုံးသပ် ခန့်မှန်းလာပါတယ်။
လာမယ့် ရာသီမှာ မန်စီးတီးကပဲ နောက်ထပ် စံချိန်တင်အဖြစ် ၅ ရာသီဆက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဦးမယ်လို့ မိုက်ကယ် အိုဝင်က ယူဆထားပါတယ်။

ချန်ပီယံ ဆုအတွက် စီးတီးကို အဓိက စိန်ခေါ်မယ့် ၂ သင်းအဖြစ်ကိုတော့ အာဆင်နယ်၊ လီဗာပူးကို ရွေးချယ်ခဲ့ပြီး ထိုနှစ်သင်းက အဆင့် ၂ နဲ့ ၃ အဖြစ် အိုဝင်က ခန့်မှန်းပါတယ်။
ဒါပေမယ့် ဒီနွေ အပြောင်းအရွှေ့မှာ လူခေါ်စိပ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ကို ထိပ်ဆုံး ၄ သင်းထဲ ဝင်မယ်လို့တောင် အိုဝင်က မထင်ထားပါဘူး။
အိုဝင်က ” မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးတို့ ထိပ်ဆုံး ၄ သင်းထဲ ဝင်ပါမယ်။ အဆင့် ၄ နေရာ အတွက် သေချာလှတဲ့ အသင်းတော့ မမြင်မိပါဘူး။
ယူနိုက်တက်၊ ချယ်ဆီးတို့လည်း အဆင့် ၄ ဝင်မယ် မထင်ဘဲ စပါး ဒါမှမဟုတ် အက်စတွန်ဗီလာ တစ်သင်းသင်းပဲ ဝင်သွားမယ်လို့ ကျွန်တော် ထင်တယ်
ဂွာဒီယိုလာ မရှိတော့ရင် ပရီးမီးယားလိဂ်မှာ အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။ သူရှိနေသမျှတော့ သူ့ကိုကျော်ပြီး ကလပ်တွေ အောင်မြင်ဖို့က မလွယ်ပါဘူး။ ” လို့ သုံးသပ်စကား ဆိုခဲ့ပါတယ်။