မန်ယူ ခံစစ် ကစားသမားသစ် ယိုရိုနဲ့ ပတ်သတ်ပြီး ဂန်းနား ဂန္တဝင် အွန်နရီ ဘယ်လို မှတ်ချက်ပေးထား

မန်ချက်စတာယူနိုက်တက် ကစားသမားသစ်ဖြစ်လာတဲ့ လီနီ ယိုရိုနဲ့ပတ်သက်ပြီး အာဆင်နယ်ဂန္တဝင် သီယာရီ အွန်နရီက သုံးသပ် ထင်မြင်ချက် ပေးလာခဲ့ပါတယ်။

အသက် ၁၈ နှစ်သာ ရှိသေးတဲ့ ပြင်သစ်နောက်ခံလူဟာ ကြာသပတေးနေ့မှာ မန်ချက်စတာယူနိုက်တက်ထံ အပြီးသတ် ပြောင်းရွှေ့နိုင်ခဲ့ပြီဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ ၂၀၂၉ ခုနှစ်အထိ ရှိနေမယ့် ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ဆယ်ကျော်သက် ဆိုပေမယ့် ယိုရိုဟာ ဥရောပရဲ့ အရည်အချင်းအရှိဆုံး လူငယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီး လီဗာပူးလ်နဲ့ ပီအက်စ်ဂျီတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။

အာဆင်နယ် တိုက်စစ်မှုးဟောင်း အွန်နရီ က တချိန်တုန်းက အသက် ၁၇ နှစ်သာရှိသေးတဲ့ ယိုရိုကို ယူ-၂၁ အသင်းအတွက် ပွဲဦးထွက်ခွင့်ပေးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လတုန်းက အခုလို မှတ်ချက်ပြုခဲ့ပါတယ်။

“ကျွန်တော်တို့ လီနီနဲ့ပတ်သက်ပြီး မကြာခဏ ပြောဖြစ်တယ်။ သူ့ရဲ့ ကစားသမားဘဝက ထူးခြားတဲ့ စတင်မှု ပိုင်ဆိုင်ခဲ့တယ်။ လိုင်လီမှာ သူ့ကိုယ်သူ နောက်ခံကစားသမားကောင်း တစ်ယောက်ဆိုတာကို သက်သေပြသနိုင်ဖို့ လုပ်နေတယ်။

သူက ပရော်ဖက်ရှင်နယ်ပါ။ သူက လူကောင်းတစ်ယောက်ပါ။ ကောင်းကောင်း သင်ယူနိုင်တဲ့ကစားသမားပါ။ သူ့ကို သဘောကျတယ်။ သူက ကောင်းကောင်းစွမ်းဆောင်နိုင်တယ်။ အားလုံးအပြီးမှာ ပြန်ပြီး ပြင်ဆင်ရတဲ့အရာတွေ အများကြီးရှိတယ်။ ဒါပေမယ့် ဒါက လုံးဝ သာမန်ပါပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် အပြုသဘော ဆောင်တဲ့ တိုးတက်မှုထက်တောင် ပိုပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

ယိုရိုဟာ ပြီးခဲ့တဲ့ရာသီ လီဂူးဝမ်းရဲ့ တစ်ရာသီတာအကောင်းဆုံး ၁၁ ဦးအသင်းထဲမှာ ထည့်သွင်းခြင်းခံခဲ့ရပြီး ပရီးမီးယားလိဂ်ဂန္တဝင် အွန်နရီက ပြင်သစ်ယူ-၂၁ အသင်းတုန်းက သရဲနီကစားသမားသစ်နဲ့ အလုပ်အတူတူ တွဲလုပ်ခဲ့ဖူးတာဖြစ်ပါတယ်။