ဘောလုံးရာသီ စပြီး ၂ ပတ်အတွင်းမှာပဲ အဲရစ်တန်ဟက် အထုတ်ခံရနိုင်တယ်လို့ စေတနာနဲ့ သတိပေးလိုက်တဲ့ သရဲနီဟောင်းကြီး

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက် ဟာ သက်တမ်းတိုး ဆက်ခန့်ထားခံရပေမယ့် ခိုင်မာတဲ့ အာမခံချက်မရှိဘဲ ရာသီ အစပိုင်းမှာ ရလဒ်တွေ ဆိုးရွားခဲ့ရင် ၂ ပတ်အတွင်းမှာပဲ ရာထူးက အထုတ်ခံရနိုင်တယ်လို့ မန်ယူ ဂန္ထဝင် တိုက်စစ်မှူးဟောင်းကြီး ရှရင်ဂမ်က သတိပေးလိုက်ပါတယ်။

အဲရစ်တန်ဟက်ဟာ ယူနိုက်တက်နည်းပြဘ၀ ၃ ရာသီမြောက်အဖြစ် ဖြတ်သန်းရမှာဖြစ်ပြီး လာမဲ့ ၂၀၂၄-၂၅ ရာသီမှာ အောင်မြင်မှုတွေရယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။

အခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ယူနိုက်တက်တာဝန်ရှိသူတွေက အဲရစ်တန်ဟက် စိတ်ကြိုက် ကစားသမားတွေ ခေါ်ယူအားဖြည့်ပေးနေပြီး အဲရစ်တန်ဟက်ကို အပြည့်အ၀ အားပေးထောက်ခံမှုတွေပြုလုပ်နေပါတယ်။

ဒါပေမဲ့လည်း ရှရင်ဂမ်ကတော့ ရာသီအစပိုင်းမှာ ရလဒ်ကောင်းတွေ မယူနိုင်ရင် အဲရစ်တန်ဟက်ရဲ့နည်းပြဘဝက ချက်ချင်း ဆိုသလို အန္တရာယ်ရှိလာနိုင်တယ်လို့ သုံးသပ် သတိပေးခဲ့ပါတယ်။

ရှရင်ဂမ်က “ယူနိုက်တက်နဲ့အဲရစ်တန်ဟက် ၁ နှစ်စာချုပ် သက်တမ်းတိုးခဲ့ပေမဲ့ သူ့အနာဂတ်က အာမခံချက်မရှိပါဘူး။ လက်ရှိဘောလုံးလောကမှာ ဘာမဆိုဖြစ်သွားနိုင်ပြီး ရာသီအစပိုင်းမှာ ၃ ပွဲလောက် ရလဒ်မကောင်းတာက ၂ ပတ်အတွင်းမှာပဲ အဲရစ်တန်ဟက် ရာထူးက အထုတ်ခံရနိုင်ပါတယ် . . .”

“တကယ်လို့ ၃ ပွဲလောက် ရလဒ်တွေ ပြန်ကောင်းသွားရင်လည်း အဲရစ်တန်ဟက်ရဲ့အခြေအနေက ပြန်တည်ငြိမ်သွားနိုင်ပါတယ်။ ဒါက ဒီနေ့ခေတ်ဘောလုံးလောကမှာ ဖြစ်ပျက်နေတဲ့ အရှိတရားပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းဟာ အိုနာနာ၊ မေဆင်မောင့်၊ ဟွိုင်လန်းတို့လို နာမည်ကျော်ကစားသမားတွေကို ခေါ်ယူအားဖြည့်ခဲ့ပေမဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာပဲ စောစောစီးစီးထွက်ခဲ့ရသလို ပရီးမီးယားလိဂ်မှာလည်း အဆိုးရွားဆုံး အဆင့်ရ ပ်တည်မှုအဖြစ် အဆင့် ၈ နေရာသာရရှိခဲ့ပါတယ်။

ရာသီကုန်ခါနီးအချိန်မှာ တန်ဟက် ရာထူးက အထုတ်ခံရဖို့ နီးစပ်ခဲ့ပေမဲ့ FA ဖလားဗိုလ်လုပွဲမှာ မြို့ခံပြိုင်ဘက် မန်စီးတီးကို မထင်မှတ်ဘဲ အနိုင်ယူပြီးတော့ ချန်ပီယံဆုဖလားရယူနိုင်ခဲ့တာကြောင့်သာ ယူနိုက်တက် နည်းပြ အဖြစ် ဆက်ကိုင်ခွင့်ရခဲ့တာပါ။