ပိုချက်တီနို ဝေဖန်တာကို တူချယ် တုန့်ပြန်၊ ကမ္ဘာ့အကောင်းဆုံး မန်ဒီနဲ့ ယနေ့ ချဲလ်ဆီး သတင်းများ

ပီအက်စ်ဂျီ နည်းပြ ပိုချက်တီနိုက ချဲလ်ဆီး အသင်းဟာ ခံစစ်အသင်း တစ်သင်းသာ ဖြစ်တယ်ဆိုတဲ့ မှတ်ချက်အပေါ် နည်းပြ တူချယ်ကတော့ ဒီလို ပြောဆိုတာတွေ သူ နားထောင်လေ့ မရှိကြောင်း တုန့်ပြန်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ချဲလ်ဆီးတိုက်စစ်အတွဲအဖြစ်တဲ့ တီမိုဝါနာနဲ့ ဇီးယက်ချ်တို့ နှစ်ဦးစလုံးကို ခေါ်ယူနိုင်ဖို့ ပစ်မှတ် ထားနေပါတယ်။ ဘာစီလိုနာ က သူတို့နှစ်ယောက်ကိုဆောင်းရာသီဈေးကွက်မှာ ခေါ်ယူနိုင်ဖို့ ချဉ်းကပ်နေတာပါ။

ဂျူဗင်တပ်နဲ့ ပွဲဟာ ချဲလ်ဆီးနည်းပြတူချယ်အတွက်တော့ ချဲလ်ဆီးနည်းပြဘ၀ ပြိုင်ပွဲစုံ ပွဲ ၅၀ ပြည့်မြောက်တဲ့ ပွဲ ဖြစ်ခဲ့ပါတယ်။

အဲဒီပွဲ ၅၀ မှာ တူချယ်အနေနဲ့ ခံစစ်က ပေးဂိုး ၂၄ ဂိုးသာ ပေးခဲ့ရပါတယ်။ ဒါကြောင့်တူချယ်ဟာ ၂၀၀၄ ခုနှစ်က မော်ရင်ဟိုရဲ့ ပေးဂိုး ၂၇ ဂိုးစံချိန်ကိုကျော်ဖြတ်ကာ အင်္ဂလန်မှာ ပထမကိုင်တွယ်တဲ့ ပွဲ ၅၀ အတွင်း ပေးဂိုး အနည်းဆုံး နည်းပြ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်ကတော့ ဂျူဗင်တပ်နဲ့ပွဲမှာ ဒဏ်ရာရသွားခဲ့တဲ့ ရီစီဂျိမ်းစ်နဲ့ ကန်တီတို့ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး “ချီဝဲလ်ဟာ ဒူးခေါင်းနာကျင်မှုကို ခံစားခဲ့ရပါတယ်။ ကန်တီကလည်း ကံမကောင်းစွာနဲ့ ဒူးခေါက်သွားခဲ့ပါတယ်။ မနက်ဖြန် ကျရင်တော့ သူတို့ရဲ့ အခြေအနေကိုပိုပြီး ပြောနိုင်မှာပါ”လို့ ဆိုခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ ညက ဂျူဗင်တပ်ကို ဂိုးပြတ်နိုင်လိုက်တဲ့နောက် ချန်ပီယံလိဂ်ပွဲတစ်ပွဲအတွင်းမှာ အင်္ဂလန် ကစားသမား ၃ ဦး တစ်ပြိုင်နက်တည်း ဂိုးသွင်းနိုင်ခဲ့တာ ပထမဆုံးအကြိမ် ဖြစ်ခဲ့ပါတယ်။ ထိုပွဲမှာ ချာလိုဘတ်ချ်၊ ရီစီဂျိမ်းစ်နဲ့ အိုဒွိုင်း စတဲ့ အင်္ဂလန် ကစားသမားတွေက ဂိုးသွင်းနိုင်ခဲ့တာပါ။

ချဲလ်ဆီး ဂိုးသမားဟောင်း ကာဘယ်လာရိုက သူ့အသင်းဖော်ဟောင်း မန်ဒီဟာ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ဖြစ်ကြောင်း အမွှန်းတင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကနဲ့ လက်ရှိအချိန်အထိ မန်ဒီက အကောင်းဆုံးဖြစ်ကြောင်း နဲ့ ချဲလ်ဆီး လေ့ကျင့်ရေးကွင်းမှာ မန်ဒီရဲ့ စွမ်းရည်အပေါ် အံ့အားသင့်မိကြောင်း ၎င်းက ဆိုခဲ့ပါတယ်။

ချဲလ်ဆီး ကွင်းလယ်လူ မေဆန်မောင့်က အင်္ဂလန်နဲ့အတူ ရရှိခဲ့တဲ့ ယူရိုဒဏ်ရာကြောင့် ပြီးခဲ့တဲ့ နွေရာသီဟာ စိတ်ပိုင်း ဆိုင်ရာအရ ခက်ခဲခဲ့ကြောင်း၊ ပြိုင်ပွဲပြီးသွားတာတောင် ရက်တော်တော်ကြာတဲ့အထိ အဲဒီရှုံးပွဲကိုတွေးနေမိကြောင်း ဝန်ခံခဲ့ပြီး ဒီနှစ်အတွင်း သူ့အနေနဲ့ များစွာတိုးတက်မှုရှိလာကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဂျူဗင်တပ်နောက်ခံလူ ဘိုနုချီက ချန်ပီယံလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးအနေနဲ့ သူတို့ကို ပြဿနာများစွာ ဖန်တီးနိုင်ခဲ့ကြောင်း၊ ချဲလ်ဆီးကို ဘယ်လိုမှ ယှဉ်နိုင်ခြင်း မရှိခဲ့ကြောင်း၊ ဒီလိုအသင်းမျိုးနဲ့ပွဲမှာ ကိုယ့်ရဲ့ အင်အားကိုေ ချွတာလို့ မရကြောင်း၊ ဒီပွဲစဉ်ကနေ တစ်ဆင့် သင်ခန်းစာ ယူရမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။