လက်ရှိ အင်္ဂလိပ် ဘောလုံးလောကမှာ သူ့ထက်သာတာ ဆိုလို့ ဂွါဒီယိုလာပဲ ရှိတယ်လို့ အဲရစ်တန်ဟက် ထုတ်ဖော် ပြောဆို

နယ်သာလန်သား နည်းပြကြီး အဲရစ်တန်ဟက်ကတော့ သူ မန်ချက်စတာယူနိုက်တက် အသင်းနည်းပြအဖြစ် ဆောင်ရွက်တဲ့ကာလအတွင်း အင်္ဂလန်မှာ သူ့ထက် စွမ်းဆောင်ရည် ပိုကောင်းတဲ့ နည်းပြ ဆိုလို့ ဂွါဒီယိုလာ တစ်ယောက်သာ ရှိတယ်ဆိုပြီး ပြောဆိုလိုက်ပါတယ်။

အဲရစ်တန်ဟက်ဟာ ၂၀၂၂ မေလက ယူနိုက်တက်အသင်းနည်းပြအဖြစ် စတင်ဆောင်ရွက်ခဲ့သူ ဖြစ်ပြီး လက်ရှိအချိန်အထိ ပွဲပေါင်း ၁၁၄ ပွဲ ကိုင်တွယ်အပြီးမှာ ၆၈ ပွဲ အနိုင်ရအောင် စွမ်းဆောင်ခဲ့ပါတယ်။

ယူနိုက်တက် နည်းပြဘဝ ကာလအတွင်း အဲရစ်တန်ဟက်ဟာ ပရီးမီးယားလိဂ်မှာ ဂွါဒီယိုလာ၊ ယာဂန်ကလော့ပ်၊ ပိုချက်တီနို၊ အာတီတာတို့နဲ့ ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ရပါတယ်။

ယူနိုက်တက်အသင်းမှာ အဲရစ်တန်ဟက်ရဲ့အခြေအနေက အောင်မြင်မှု၊ ကျရှုံးမှုတွေနဲ့ ရောထွေးနေပြီး ပထမဆုံးရာသီမှာ လိဂ်ဖလားချန်ပီယံဆု၊ ပရီးမီးယားလိဂ်အဆင့် ၃ နေရာရယူနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အဆင့် ရပ်တည်မှုအဖြစ် အဆင့် ၈ နေရာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ယူနိုက်တက်အသင်းဟာ FA ဖလားဗိုလ်လုပွဲမှာ မြို့ခံပြိုင်ဘက် မန်စီးတီးကို အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့သလို ယူရိုပါလိဂ်ဝင်ခွင့်ပါ ရယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ယူနိုက်တက်အသင်းဟာ မန်စီးတီးနဲ့ ၃၁ မှတ်အထိကွာဟခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း အုပ်စုအဆင့်ကနေ စောစောစီးစီး ထွက်ခဲ့ရပေမဲ့ အဲရစ်တန်ဟက်ကတော့ သူ့ရဲ့စွမ်းဆောင်ရည်အပေါ် ကာကွယ်ပြောဆိုခဲ့ပါတယ်။

အဲရစ်တန်ဟက်က “FA ဖလား ရယူနိုင်ပြီးတဲ့နောက် ကျွန်တော်ဟာ ပိုပြီးအင်အားကြီး လာတယ်လို့ ခံစားမိပါတယ်။ ယူနိုက်တက်အသင်းကို ကျွန်တော် မရောက်ခင်တုန်းက ၆ နှစ်အတွင်း ဒီအသင်းဟာ ဘာဆုဖလားမှ မရခဲ့ပါဘူး . . .”

“ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ဂွါဒီယိုလာရဲ့မန်စီးတီးပြီးရင် ကျွန်တော်တို့အသင်းက အင်္ဂလိပ်ဘောလုံးလောကမှ ဆုဖလားအများဆုံးရယူနိုင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အသင်းရဲ့ အနေအထားက ထိပ်တန်းအဆင့်မှာရှိနေဆဲပါပဲ။

ကျွန်တော်တို့ အသင်းဟာ ဘယ်လို ပြိုင်ဘက်မျိုးကိုမဆို အနိုင်ယူနိုင်စွမ်း ရှိပါတယ်။ မန်စီးတီးပဲဖြစ်ဖြစ်၊ လီဗာပူးလ်ပဲဖြစ်ဖြစ် အဲဒီအသင်းတွေကို ၁ ကြိမ်မက အနိုင်ယူပြခဲ့ပြီး ဖြစ်ပါတယ်”လို့ The Times သတင်းနဲ့အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။