လာမယ့် ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု ကို စီးတီးနဲ့ အပြိုင် ယူနိုက်တက်က စိန်ခေါ်မယ် လို့ လီဗာပူး ကွင်းလယ်ဟောင်းကြီး သုံးသပ် ခန့်မှန်း
လာမယ့် ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဆု ကို မန်စီးတီးနဲ့ အပြိုင် မန်ချက်စတာ ယူနိုက်တက်ကလည်း စိန်ခေါ်လာနိုငတယ် လို့ လီဗာပူးအသင်း ကွင်းလယ်ကစားသမားဟောင်းကြီး ဒီဒီဟာမန်းက သုံးသပ်ခဲ့ပါတယ်။
ဟာမန်းက ချန်ပီယံ အသင်း အပြင် ထိပ်ဆုံး ၄ သင်းထဲ ဝင်နိုင်မယ့် အသင်းတွေကို ကြိုတင် ခန့်မှန်းချက် ထုတ်လာခဲ့တာပါ။

ပရီးမီးယားလိဂ်ကို ၄ ရာသီဆက် အောင်မြင်ထားတဲ့ မန်စီးတီးက ၅ ကြိမ်ဆက် အောင်မြင်တာမျိုး မဖြစ်ဘူး ပြောဖို့ရာ ခက်ခဲတယ်လို့ ဟာမန်းက ဝန်ခံခဲ့ပေမယ့် ယူနိုက်တက်ကလည်း လုပ်နိုင်မယ်လို့ ယူဆနေပါတယ်။
ဟာမန်းက ” မန်စီးတီးက သူတို့ အမြဲတမ်း ရပ်တည်နေတဲ့ နေရာမှာ ဆက်ပြီး မမြင်တွေ့ရဖို့ ဆိုတာက ခက်ခဲပါတယ်။ နောက်ပြီး အာဆင်နယ်နဲ့ ပတ်သက်ပြီး ကျွန်တော်ကတော့ မသေချာဘူးလို့ပဲ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က သူတို့ရဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်လို့ပါပဲ။ မန်စီးတီးပြီးရင် အဆင့်(၂)နေရာမှာ မန်ယူနိုက်တက် ရှိနေမယ်လို့ ထင်ပါတယ်။
ယူနိုက်တက်က အခု သူတို့ချိတ်ဆက်နေတဲ့ ကစားသမားတွေပါ ထပ်ခေါ်နိုင်မယ်ဆိုရင် အဆင့်(၂)နေရာမှာ ရှိနိုင်ပါတယ်။ ပြီးရင်တော့ အာဆင်နယ်က အဆင့်(၃) လီဗာပူးလ်က အဆင့်(၄)ပါ။ မန်ယူနိုက်တက်က ဒီရာသီမှာ အဆင်ပြေနိုင်လိမ့်မယ်လို့ ကျွန်တော် ခံစားမိပါတယ်။ ကိုဘီ မိန်နူးက ယူနိုက်တက်အသင်းအတွက် ပိုပြီး အားထားရတဲ့ ကစားသမား ဖြစ်လာနိုင်သလို သူက အရေးအပါဆုံး ကစားသမားပါ ဖြစ်လာပါလိမ့်မယ်။ ” လို့ သုံးသပ် ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက အသင်းသမိုင်း စံချိန်တင် အနိမ့်ဆုံး အဆင့် ရပ်တည်မှု ရခဲ့ပေမယ့် ဟာမန်းကတော့ လာမယ့် ရာသီမှာ လုပ်ပြနိုင်မယ်လို့ ထင်မြင်နေပါတယ်။