အာဆင်နယ် ချိန်နေတဲ့ စပိန် ကွင်းလယ်သမားကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက် မျက်စိကျနေပါပြီ
လက်ရှိ နွေ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက် အသင်းက တိုက်စစ်သမား ဇီရစ်ဇီးနဲ့ ခံစစ်မှူး ယိုရိုတို့ကို ခေါ်ယူထားပြီ ဖြစ်ပေမယ့် နောက်ထပ် ပစ်မှတ်တွေကို ဆက်လက် ချိတ်ဆက်နေဆဲ ဖြစ်ပါတယ်။
နည်းပြ အဲရစ် တန်ဟက်ဟာ ရာသီသစ်အတွက် သူ့ရဲ့ လူစာရင်းကို အင်အားဖြည့်ရာမှာ ကွင်းလယ်လူသစ် တစ်ဦးကို ခေါ်ယူလိုနေပါတယ်။
အဲ့ဒီ အတွက်လည်း အငှား ဖျက်သိမ်းလိုက်တဲ့ အမ်မရာဘတ်ကို ထပ် ခေါ်မလား စဉ်းစားနေသလို ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ စပိန်အသင်းသား တစ်ဦးကိုလည်း ပစ်မှတ်ထား မျက်စိကျလာနေပါတယ်။

ယူနိုက်တက်ဟာ အာဆင်နယ်၊ ဘာစီလိုနာတို့နဲ့ သတင်းကြီးတွေ ထွက်ခဲ့ဖူးတဲ့ ရီးရဲလ်ဆိုစီဒက် ကွင်းလယ်လူ ဇူဘီမန်ဒီကို ခေါ်ယူဖို့ ချိန်ရွယ်နေကြောင်း The Athletic သတင်းဌာန က ဖော်ထုတ်လာပါတယ်။
ပီအက်စ်ဂျီမှ အူဂါတီကို ချိတ်ဆက်ခဲ့သေးတဲ့ ယူနိုက်တက်ဟာ အသက် ၂၅ နှစ်အရွယ် ဇူဘီမန်ဒီကို ပိုမို သဘောကျလာနေကာ စပိန်သားအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ ပေးရဖွယ် ရှိနေပါတယ်။
ယူနိုက်တက်ဟာ ဒီနွေမှာ ကွင်းလယ်လူ တော်မီနေးကို ရောင်းထုတ်ကာ အသုံးစရိတ် ပြန်ရှာဖို့ ပြင်ဆင်ထားပြီး ဝါရင့် ကွင်းလယ်လူ ကာဆီမီရိုကို ရောင်းထုတ်ဖို့လည်း လမ်းဖွင့်ထားဆဲ ဖြစ်ပါတယ်။