ဘယ်နောက်ခံ နေရာ အတွက် အလွတ်နဲ့ ရနိုင်မယ့် ချယ်ဆီး၊ ဘာစီ ကစားသမားဟောင်းကို မန်ယူအသင်း မျက်စိကျနေ
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒဏ်ရာ ပြသနာတွေ များလွန်းတဲ့ ဘယ်ခြမ်း ခံစစ် နေရာ အတွက် ချယ်ဆီး ကစားသမားဟောင်း တစ်ဦးကို ခေါ်ယူဖို့ မျက်စိကျလာနေပါတယ်။
အသင်းရဲ့ ဘယ်ခြမ်းခံစစ်နေရာမှာ လုခ်ရှော မာလာစီယာတို့လို ကစားသမားတွေ ရှိနေပေမယ့်လည်း ကစားသမား (၂)ဦးလုံးက ဒဏ်ရာပြသာနာတွေနဲ့ ကြုံတွေ့ရတတ်တာကြောင့် ဒီနွေဈေးကွက်အတွင်းမှာ ဘယ်နောက်ခံကစားသမားတစ်ဦး လောက် ထပ်မံ ခေါ်ယူသွားဖို့ ပြင်ဆင်နေပါတယ်။
ယူနိုက်တက်က ပြီးခဲ့တဲ့ ရာသီကလည်း လုခ်ရှောနဲ့ မာလာစီယာတို့ရဲ့ ဒဏ်ရာတွေကြောင့် စပါးကနေ ဘယ်နောက်ခံလူ ရယ်ဂီလွန်ကို အငှားနဲ့ ခေါ်ယူခဲ့ပြီး လုခ်ရှော ဒဏ်ရာသက်သာလာချိန်မှာ ရယ်ဂီလွန်ကို စပါးဆီ ပြန်ပို့ခဲ့ရာကနေ လုခ်ရှောက ဒဏ်ရာ ပြန်ရလာတော့ ဒါလော့နဲ့ ဘစ်ဆာခါတို့ တစ်ဦးဦးကို ဘယ်ခြမ်းမှာ နေရာပေးရပါတော့တယ်။
ဒါကြောင့် ဒီရာသီထဲမှာလည်း အလားတူ ကိစ္စရပ်တွေ ဖြစ်လာခဲ့မယ်ဆိုရင် ဘယ်ခြမ်းခံစစ်အတွက် ကစားသမားတစ်ဦး အသင့်ရှိနေစေဖို့ စီစဉ်လာခဲ့ပါတယ်။ လက်ရှိမှာ ယူနိုက်တက်က ဘယ်နောက်ခံနေရာအတွက် ချယ်ဆီးနဲ့ ဘာစီလိုနာ ကစားသမားဟောင်းကြီး မားကို့စ် အလွန်ဆိုကို မျက်စိကျလျက် ရှိနေပါတယ်။

အသက် (၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ စပိန် ဘယ်နောက်ခံကစားသမားကြီး အလွန်ဆိုဟာ ဒီနွေမှာပဲ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး အသင်းလက်မဲ့ ကစားသမား တစ်ဦးပါ ဖြစ်သွားခဲ့ရပါတယ်။
ယူနိုက်တက်အနေနဲ့ကလည်း တခြားလိုအပ်တဲ့ နေရာတွေမှာ ကစားသမားသစ်တွေ ခေါ်ယူ ဖြည့်တင်းဖို့ ငွေကြေးသုံးစွဲများစွာ လုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် ဘယ်ခြမ်းခံစစ်နေရာအတွက် ရေတို သဘောနဲ့ ခေါ်ယူမှုသာ လုပ်ဆောင်ဖွယ် ရှိနိုင်ပါတယ်။
ဒီလို အခြေအနေမှာ အလွန်ဆိုက ယူနိုက်တက်အတွက် အကောင်းဆုံး option တစ်ခု ဖြစ်နိုင်သလို ယူနိုက်တက်ဘက်ကတော့ အလွန်ဆိုသာမကပဲ မနှစ်ကမှ အငှားနဲ့ ခေါ်ယူထားတဲ့ ရယ်ဂီလွန်ကိုပါ အသင်းထံ နောက်တစ်ကြိမ် ပြန်လည် ခေါ်ဆောင်ဖို့လည်း စဉ်းစားလျက် ရှိနေပါတယ်။
ဒါ့အပြင် ယူနိုက်တက်က ဖိုင်ယင်နော့က ဆလိုဗက်ကီးယား ဘယ်နောက်ခံလူ ဒေးဗစ် ဟန်စ်ကောနဲ့ ခရစ္စတယ် ပဲလေ့စ်က တိုင်ရစ် မစ်ချယ်လ်တို့ကိုပါ စိတ်ဝင်စားလို့နေပြီး ဒီကစားသမားတွေကို ခေါ်ယူမယ်ဆိုရင်တော့ ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးတွေ အသုံးပြုရဦးမှာဖြစ်လို့ ယူနိုက်တက်အနေနဲ့ တန်ကြေး အနည်းငယ်လောက်သာ ရှိတော့တဲ့ ရယ်ဂီလွန်နဲ့ အလွတ်ခေါ်လို့ရမယ့် အလွန်ဆိုတို့ထဲက တစ်ဦးဦးကိုသာ ရွေးချယ်လာဖွယ် ရှိပါတယ်။