ဟယ်ရီ မက်ဂွိုင်းယား ကို မန်ယူ ရှင်းထုတ်ဖို့ တိုက်တွန်းလိုက်ပြီး ချယ်ဆီးက ဝင်ခေါ်သင့်ကြောင်းပါ အကြံပေးလိုက်သူ

မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ ဒီနွေ မှာ အင်္ဂလန် ဝါရင့် ခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယား ကို ရောင်းချသင့်ကြောင်း ဒွိုက်ယော့ခ် က နားချလိုက်ပြီး ချယ်ဆီးအသင်းကတော့ မက်ဂွိုင်းယားကို ခေါ်ယူသင့်ကြောင်း ၎င်းက အကြံပြုသွားပါတယ်။

ယိုရို ကို ခေါ်ယူလိုက်ပြီးနောက် မန်ယူ ခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားရဲ့ အနာဂတ်က ဒီနွေမှာ လှုပ်ခတ်မှုတွေ ရှိလာပါတယ်။ သရဲနီ ဂန္တဝင် တိုက်စစ်မှူးဟောင်း ဒွိုက်ယော့ခ်ကတော့ မက်ဂွိုင်းယားကို ယူနိုက်တက် ရောင်းချိန် တန်ပြီလို့ ယူဆနေပြီး တဖက်မှာ ပြိုင်ဖက် ချယ်ဆီး အနေနဲ့ မက်ဂွိုင်းယား ခေါ်ဖို့ ကြိုးစားကြည့်သင့်ကြောင်း တိုက်တွန်းသွားပါတယ်။

ဒွိုက်ယော့ခ် က ” ဟယ်ရီ မက်ဂွိုင်းယားဟာ တချိုးတကွေ့မှာ အသင်းမှာ ဒဏ်ရာ ပြဿနာတွေ ရှိလာနိုင်တာကြောင့် သူ ကစားခွင့် ရလောက်မယ် ဆိုတာ သိထားလို့ စာချုပ် နောက်ဆုံးနှစ် ရောက်တဲ့အထိ ဆက်နေသွားနိုင်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ သူ့ကို ပြတ်ပြတ်သားသား ရှင်းထုတ်ဖို့ လိုပါတယ်။

သူတို့မှာ လီဆန်ဒရို မာတီနက်ဇ်၊ ဗစ်တာ လင်ဒီလော့ဖ်နဲ့ လန်နီ ယိုရိုတို့ ရှိနေပါတယ်။ ဒါပေမယ့် ဟယ်ရီ မက်ဂွိုင်းယားဟာ သူသာ ထွက်ခွာဖို့ အလိုမရှိသေးဘူးဆိုရင် ဘယ်မှ ပြောင်းမှာ မဟုတ်တဲ့ အနေအထား တရပ်မှာ ရှိနေပါတယ်။

သူ့ကို ရှင်းထုတ်ဖို့ အခွင့်အရေးက ကျော်လွန်သွားခဲ့ပါပြီ။ ဘာလို့လဲဆိုတော့ သူဟာ ယူရို ၂၀၂၄ မှာ ဆင်နွှဲခွင့် ရဖို့ အတော်လေး စိတ်ဆန္ဒ ပြင်းပြခဲဖူးပြီး မနှစ်ကဆို သူ အင်္ဂလန် လက်ရွေးစင် အသင်းမှာ ပါဝင်ရဖို့ ဘာမဆို လုပ်သွားနိုင်ခဲ့မယ့် အတွက်ကြောင့်ပါ။ ဒါက သူ့ကို ရှင်းထုတ်ဖို့ အချိန်ကောင်း ဖြစ်ခဲ့ပါတယ်။

အဲဒီ အခွင့်အရေးက လွန်သွားပြီ ဖြစ်သလို အခုထိ သူ ယူနိုက်တက်မှာ ရှိနေဆဲပါ။ ယူနိုက်တက်မှာ ကျွန်တော်တို့ဟာ အရာတချို့ကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ဖို့ လိုနေပြီး မျက်နှာသစ်တွေ ခေါ်ယူရမှာ ဖြစ်သလို ဒီကလပ်ကို အနာဂတ်မှာ ရှေ့တိုး တက်လှမ်းအောင် ပို့ဆောင်ပေးဖို့ လိုနေပါတယ်။

အခုလို ပြောနေပေမယ့် မက်ဂွိုင်းယားဟာ ထိပ်တန်းအဆင့်မှာ ကစားနိုင်စွမ်း ရှိသေးကြောင်း ပြသထားပါတယ် ။ အသင်းကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေတဲ့ ချယ်ဆီးလို ထိပ်သီး ကလပ်မျိုးတွေ အနေနဲ့ သူ့ကို ခေါ်ကြည့်သင့်ပါတယ်။ ”

” သူဟာ အဆင့်တဆင့်မှာ ဆက်လက် ကစားပေးနိုင်ဆဲ ဖြစ်သလို ၊ အသစ်ပြန်လည် စတင်ခြင်းက သူ့ကို နောက်၁နှစ် ၊ ၂နှစ်လောက် ထိပ်တန်း အဆင့်မှာ စွမ်းဆောင်ဖို့ ခွန်အား ပေးနိုင်ပါတယ်။ ” လို့ သုံးသပ် ပြောကြားခဲ့ပါတယ်။