နေရာစုံ လူထပ်ခေါ်ချင်တဲ့ တန်ဟက်၊ အဲရစ်ဆင်၊ ရက်ရှ်ဖို့ဒ်၊ ဒီဂီယာ အသင်းသစ်နဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းထူးများ
မန်ယူအသင်းနည်းပြ တန်ဟက် ကတော့ အသင်းရဲ့ နေရာစုံမှာ နောက်ထပ် ခေါ်ယူမှုတွေ ထပ်မံပြုလုပ်ဖို့ လိုအပ်နေသေးကြောင်း အသင်း တာဝန်ရှိသူတွေအား သတိပေး တောင်းဆိုသွားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာဟာ အီတလီကလပ် ဂျီနိုအာအသင်းနဲ့အတူ ဘောလုံးလောကထဲ ပြန်ဝင်လာဖို့ နီးစပ်နေပါတယ်။
ယူနိုက်တက် နောက်ခံလူ ဝမ် ဘစ်ဆာကာဟာ ဝက်စ်ဟမ်းအသင်းထံ ပြောင်းဖို့အား ငြင်းဆန်ခဲ့ကာ အင်တာမီလန်ထံ ပြောင်းနိုင်ဖို့ ကြိုးစားနေပါတယ်။

ဝက်စ်ဟမ်းအသင်းနဲ့ Mazraoui ကြား အပြောင်းအရွှေ့ ကိစ္စ အေးဂျင့်ကြေး သဘောတူညီမှု မရခြင်းနဲ့အတူ ပျက်ပြယ်သွားပြီဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်က ကြားဝင် ချိတ်ဆက်နေပြီဖြစ်ပါတယ်။
အဲဗာတန် ခံစစ်မှူး ဘရန့်ဝိတ်ဟာ ယူနိုက်တက်ထံ ပြောင်းဖို့ မအောင်မြင်ခဲ့ပေမယ့် အနာဂတ်မှာ အသင်းပြောင်းလိုတာကြောင့် အဲဗာတန်ရဲ့ တစ်ပတ် လုပ်ခ ပေါင် ၁၆၀၀၀၀ တန် သက်တမ်းတိုး စာချုပ်ကို ချုပ်ဆိုဖွယ် မရှိပါဘူး။
မန်ယူအသင်း ကွင်းလယ် ကစားသမား အဲရစ်ဆင်ကတော့ အနာဂတ်နဲ့ ပတ်သက်ပြီး အစောတလျင် ဆုံးဖြတ်သွားမှာ မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ပုံစံကောင်း ပျောက်ဆုံးနေတဲ့ ရက်ရှ်ဖို့ဒ်ကိုလည်း ယုံကြည်စိတ်ချထားကြောင်း ထောက်ခံပြောဆိုသွားခဲ့ပါတယ်။
မန်ယူ နောက်ခံလူ မက်ဂွဲရားကတော့ အသင်းက မရောင်းမချင်း ဆက်နေပြီး ကြိုးစားပြသွားမယ်လို့ အပြတ် ပြောဆိုလိုက်ပါတယ်။