ချန်ပီယံလိဂ် နိုင်ပွဲကိုယ်စီရတဲ့ စီးတီး၊ လီဗာပူး၊ ဟာဇက်၊ ဗလာဟိုဗစ်တို့နဲ့ ယနေ့ နံနက်ခင်း သတင်းများ
မန်စီးတီးက ပီအက်စ်ဂျီကို အီတီဟက်မှာ ဧည့်ခံ ကစားရာ ၂-၁ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနှစ်သင်းလုံးက ဥရောပ ထိပ်သီး အသင်းကြီးတွေဆိုပေမဲ့ ကစားပုံချင်းက အဆင့်အတန်း ကွာခြားလွန်းခဲ့ပါတယ်။ ဒုတိယပိုင်း စစချင်း အငိုက်မိပြီး အမ်ဘာပေ သွင်းသွားတဲ့ဂိုးပေးလိုက်ရတာကလွဲရင် မန်စီးတီးက အဖက်ဖက်က သာခဲ့ပြီး ပြည့်စုံတဲ့ ပွဲတစ်ပွဲကို ဖန်တီးခဲ့ပါတယ်။
လီဗာပူးတို့အနေနဲ့ အမှတ်မလိုတော့ပေမဲ့ ညက ပေါ်တိုနဲ့ ပွဲမှာ ၂-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ ပထမပိုင်းးမှာတော့ လီဗာပူးတို့ ကစားပုံ လျော့ရဲခဲ့ပြီး ပေါ်တိုကို အခွင့်အရေးပေးခဲ့ပါသေးတယ်။ ဒုတိယပိုင်းမှာတော့ ပေါ်တိုတို့ ကစားအားကျခဲ့ရပြီး လီဗာပူးတို့ တိုက်စစ်မြှင့်ခဲ့ကာ သီယာဂိုနဲ့ ဆာလတ်တို့က လှလှပပနဲ့ အနိုင်ဂိုးကိုယ်စီ သွင်းပေးခဲ့ပါတယ်။

မက်မာနာမန်က ချဲလ်ဆီးနည်းပြတူချယ်အတွက်က ကစားသမားတွေအားလုံးကို ပျော်ရွှင်အောင် ထားနိုင်ဖို့က ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ကြောင်း၊ လက်ရှိ ချဲလ်ဆီးမှာ ကစားသမားတိုင်းကို ပွဲထွက်ခွင့်နဲ့ ပတ်သက်ပြီး ကျေနပ်အောင်ပြုလုပ်နိုင်ဖို့က ခက်ခဲကြောင်း ဆိုခဲ့ပါတယ်။
မန်ယူတိုက်စစ်မူှးဟောင်း ဆာဟာက မန်ယူယာယီနည်းပြ ကာရစ်ဟာ နည်းပြပိုင်းနဲ့ ပတ်သက်ရင် အရည်အသွေးကောင်းတွေ ရှိနေကြောင်း၊ အနာဂတ်မှာ ကာရစ်မှာနည်းပြတစ်ယောက်အဖြစ် မြင်တွေ့ရနိုင်ကြောင်း၊ လက်ရှိမှာ ကာရစ်အနေနဲ့ အကောင်းဆုံးသင်ယူမှုတွေပြုလုပ်နေကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာက မက်ဆီနဲ့ စီရော်နယ်ဒိုတို့လို နှစ်ဦးကြားပြိုင်ဆိုင်မှုက ဘောလုံးလောကမှာ ထပ် ဖြစ်ပေါ်လာဖို့ မဖြစ်နိုင်ကြောင်း၊ သူတို့နှစ်ယောက်အကြား ယှဉ်ပြိုင်မှုက ထူးခြားလွန်းကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ရီးရဲမက်ဒရစ်ဂိုးသမား ကော့တွိုက်စ်က သူတို့အနေနဲ့ ဟာဇက်ရဲ့ အရည်အသွေးတွေကို မေ့ဖျောက်နိုင်လို့ မရကြောင်း သတိပေးလိုက်ပါတယ်။ ဟာဇက်ဟာ အရေးပါတဲ့ ကစားသမား ဖြစ်လာမှာဖြစ်ကြောင်း၊ ဟာဇက်ဟာ အသုံးမဝင်တော့ဘူးလို့ မတွေးသင့်ကြောင်း ၎င်းက ဆိုခဲ့ပါတယ်။

စပါးတိုက်စစ်မှူးဟောင်း ဒါရင်းဘန့်က တကယ်လို့ အာဆင်နယ်ကနေ အာတီတာက ထွက်သွားခဲ့ရင် ဆောက်ဂိတ် အနေနဲ့ မကိုင်တွယ်သင့်ကြောင်း၊ ဆောက်ဂိတ်ဟာ အာဆင်နယ်နဲ့ လိုက်ဖက်တဲ့နည်းပြ မဟုတ်ဘဲ လက်ရွေးစင် အသင်းနဲ့သာ လိုက်ဖက်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
နယူးကာဆယ်အနေနဲ့ ဖီအိုရင်တီးနားတိုက်စစ်မူှး ဗလာဟိုဗစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။ ဗလာဟိုဗစ်အတွက် ဖီအိုရင်တီးနားဘက်က ယူရိုသန်း ၈၀ အလိုရှိနေပြီး သူ့ကို ဂျူဗင်တပ်ကလည်း အရခေါ်ယူဖို့ ဆုံးဖြတ်ထားပါတယ်။