မန်ယူ တလှည့်၊ အာဆင်နယ် တလှည့် အပြန်အလှန် အနိုင်ယူခဲ့ကြတဲ့ ဒီမနက် ခြေစမ်းပွဲ အကြောင်း

ဒီမနက် အမေရိကန်မှာ ကစားသွားတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ် တို့ ပွဲကတော့ ခြေစမ်းပွဲ တစ်ပွဲထက် ပိုတဲ့ ရသ ပေးနိုင်ခဲ့ပြီး ဒီပွဲမှာ နှစ်သင်းစလုံးက တကယ့်ပြိုင်ပွဲကြီးတစ်ခုလို အားကုန်ထုတ်ကစားခဲ့ကြပါတယ်။

ယူနိုက်တက်အသင်းရဲ့ ခြေစွမ်းက မနှစ်ကထက် ပိုကောင်းတဲ့ပုံစံကို တွေ့ရပြီး ရိန်းဂျားစ်နဲ့ပွဲတုန်းက ပုံစံကောင်း ပျောက်ဆုံးခဲ့တဲ့ မေဆင်မောင့်ဟာ အခုပွဲမှာတော့ အားရစရာကောင်းတဲ့ စွမ်းဆောင်ရည်ပြသနိုင်ခဲ့တယ်။

အဲရစ်တန်ဟက်အတွက် ကျေနပ်စရာကောင်းတာက လူငယ်လေးတွေဖြစ်ကြတဲ့ ကွင်းလယ်လူ ကော်လီယာ၊ ဘယ်နောက်ခံလူ အာမက်စ်တို့ဟာ စီနီယာအသင်းမှာ ကစားခွင့်ရနိုင်လောက်တဲ့အနေအထားမျိုး ပြသနိုင်ခဲ့တာပါပဲ။

ဘယ်နောက်ခံလူ အာမက်စ်ကလည်း တည်ငြိမ်တဲ့စွမ်းဆောင်ရည်နဲ့ကစားခဲ့ပြီး ဒဏ်ရာ မကြာခဏ ရလေ့ရှိတဲ့ လုခ်ရှော၊ မာလာစီယာတို့သာ မကစားနိုင်ရင် သူက ပွဲထွက်ခွင့်တစ်နေရာရဖို့ ထိုက်တန်တယ်လို့ပဲပြောရမယ်။

မနှစ်က ပြိုင်ပွဲစုံမှာ ၈ ဂိုးသာ သွင်းပြီး ရုန်းကန်ခဲ့ရတဲ့ တောင်ပံတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ပုံမှန်ခြေစွမ်းပြသနိုင်ခဲ့ပြီး ဟွိုင်လန်းရဲ့အဖွ့င်ဂိုးကို ဖန်တီးပေးခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်အနေနဲ့ အသက်အရွယ်အရရော၊ အတွေ့အကြုံအရပါ အနေအထားတစ်ခု ရောက်လာပြီဖြစ်တာကြောင့် တစ်ရာသီကောင်းလိုက်၊ နောက်ရာသီ ပြန်ပျက်သွားလိုက် မဖြစ်သင့်တော့ဘဲ Stable အောင် ကြိုးစားဖို့တော့ လိုအပ်နေပါပြီ။

အာဆင်နယ်အသင်းမှာ ဘန်ဝှိုက်၊ တင်ဘာ၊ ဇင်ချန်ကို၊ ဂျော်ဂျင်ညို၊ အော်ဒီဂါ၊ ထရော့ဆာ့ဒ်၊ ဂျေးဆုစတဲ့ အဓိက ကစားသမားတွေ ပွဲထွက်ကစားခဲ့ပြီး ပထမပိုင်းမိနစ် ၂၀ အတွင်း ယူနိုက်တက်အသင်းရဲ့ Pressing ကြောင့် ကစားကွက် တည်လို့မရဘဲ ရုန်းကန်ခဲ့ရတယ်။

ပထမပိုင်း ၁၀ မိနစ်မှာ ရပ်ရှ်ဖို့ဒ်ရဲ့ အကွက်မြင်မြင် ကန်တင်ပေးလိုက်တာကနေ ဟွိုင်လန်းက ဘောလုံးဆွဲပြေးပြီးတော့ အဖွင့်ဂိုးသွင်းခဲ့တယ်။ ဒါပေမဲ့ မိနစ်ပိုင်းအကြာမှာပဲ ဂိုးသွင်းဖို့ ကြိုးစားရင်း ဟွိုင်လန်း ဒဏ်ရာရသွားလို့ ဟန်နီဘယ်လ်နဲ့ လူစားလဲခံခဲ့ရတယ်။

ဂိုးပေးပြီးနောက်ပိုင်းမှ အာဆင်နယ် ကစားကွက် ပြန်မိလာသလို ၂၆ မိနစ်မှာ လူကျွံအနေအထားကနေ ဂျေးဆုက ချေပဂိုးသွင်းယူခဲ့တယ်။

ယူနိုက်တက်အတွက် ကြီးမားတဲ့ထိုးနှက်ချက်က ဟွိုင်လန်းအပြင် နောက်ခံလူသစ် ယိုရိုကလည်း ဒဏ်ရာရခဲ့လို့ ပထမပိုင်း ၃၅ မိနစ်မှာ လူစားလဲခဲ့ရတာပါပဲ။ ယိုရိုဟာ ကွင်းထဲကနေ ခြေထော့နင်းနဲ့ထွက်ခဲ့ရတာကြောင့် ကြည့်ရတာ အခြေအနေ သိပ်မဟန်ပါဘူး။

ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး ကစားသမားအပြောင်းအလဲတွေလုပ်ခဲ့ကြပြီး ယူနိုက်တက်ကစားအားကျသွားပေမဲ့ အာဆင်နယ်ကတော့ မာတင်နယ်လီရဲ့ထိုးဖောက်မှုတွေနဲ့ ယူနိုက်တက်ကို ဖိအားပေးနိုင်ခဲ့ကာ အနိုင်ဂိုးကို ၈၁ မိနစ်မှာ မာတင်နယ်လီက သွင်းခဲ့တာဖြစ်ပါတယ်။

မိနစ် ၉၀ အတွင်း အာဆင်နယ်တို့ ၂-၁ ဂိုးနဲ့အနိုင်ရခဲ့ပြီး မနှစ်က ခြေစမ်းပွဲအတိုင်းပဲ မိနစ် ၉၀ ပြီးသွားပေမဲ့ ပယ်နယ်တီ ထပ်ကန်ခဲ့ကြတာမှာတော့ ယူနိုက်တက်က ၄-၃ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။