၆နှစ် ဖလားလက်မဲ့ အသင်းကို အောင်မြင်အောင်နဲ့ မန်စီးတီးကို ၂ကြိမ်တိုင် အနိုင်ယူနိုင်အောင် သူ လုပ်ပြခဲ့တာလို့ တန်ဟက် ဝံ့ကြွား
မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်ကတော့ သူ့အနေနဲ့ ယူနိုက်တက်ရဲ့ ဖလားလက်မဲ့ မှတ်တမ်းကို အဆုံးသတ်ပေးနိုင်ခဲ့သလို လက်ရှိ ကမ္ဘာ့ အကောင်းဆုံး တစ်သင်း ဖြစ်တဲ့ မန်စီးတီးကိုလည်း အနိုင်ယူပြထားကြောင့် ဝံ့ကြါားလိုက်ပါတယ်။
ဒါ့အပြင် တန်ဟက်က အသင်း ပူးတွဲပိုင်ရှင်သစ် အဖြစ် ဝင်တာဝန်ယူလာတဲ့ INEOS ရဲ့ ပူးပေါင်း ပံ့ပိုးမှုတွေ လိုအပ်ကြောင်း ထုတ်ဖော် တောင်းဆိုမှုတွေ ပြုလုပ်လိုက်ပါတယ်။
ရှေ့ဆက်မယ့် အစီအစဉ်တွေက သိပ်ကောင်းတဲ့ ပရောဂျက် ဖြစ်ပြီး လုပ်ငန်းစဉ်ကလည်း ကောင်းမွန်ပေမယ့် အောင်မြင်ဖို့ သူ တစ်ယောက်တည်း လုပ်လို့ မရကြောင်းကို နယ်သာလန်သား နည်းပြက သိသာအောင် ထုတ်ဖော် ပြောဆိုလာခဲ့တာပါ။

” ကျွန်တော်က ကိုယ့်ဘာသာကိုယ် အားကောင်းတဲ့ အနေအထား၊ အားနည်းတဲ့ အနေအထားလား ဘယ်တော့မှ မတွေးပါဘူး။ ဒါပေမယ်ယ့ ဆုဖလား တစ်ခုမှ မရတာ ၆ နှစ် ကြာတဲ့ အသင်း အဝတ်လဲခန်းကို ရောက်လာတဲ့ အခါ ကိုယ့်ကိုကိုယ် သက်သေပြဖို့ လိုတာပေါ့။
အခုထိလည်း ကျွန်တော်က အခြေအနေ ကောင်းတယ်၊ မကောင်းဘူး တွေးမနေပါဘူး။ ကျွန်တော်က ပူးပေါင်း ဆောင်ရွက်ချင်တယ်။
အသင်း အောင်မြင်ဖို့ ဆိုရင် ကျွန်တော် တစ်ယောက်တည်း ကိုယ့်ဘာသာ လုပ်နေလို့ မရဘူး။ ကစားသမားတွေ၊ ဝန်ထမ်းတွေ၊ ဦးစီးဦးဆောင် လုပ်သူတွေ အားလုံးမှာ တာဝန်ရှိတယ်။
ကျွန်တော်တို့ အခုထက် ပိုပြီး အောင်မြင်မှုတွေ ရယူနိုင်မှာ သေချာပါတယ်။ အကောင်းဆုံး ဆိုတဲ့ အသင်း (မန်ချက်စတာစီးတီး) ကို ကျွန်တော်တို့ အနိုင်ယူပြီး သက်သေပြခဲ့ပြီးပြီ။ တခါတည်းတောင် မဟုတ်ဘူး၊ နှစ်ခါ။
တခြား ပွဲတွေလည်း အတော်ကောင်းတာတွေ ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ အတွက် စိန်ခေါ်မှုကတော့ အသင်းရဲ့ စွမ်းဆောင်ရည်ကောင်းကို စဉ်ဆက်မပြတ် ထိန်းထားဖို့ပဲ။ ” လို့ တန်ဟက်က ပြောဆိုခဲ့ပါတယ်။