နောက်ခံလူသစ် ထပ်ရတော့မယ့် မန်ချက်စတာ ယူနိုက်တက်၊ ခြေတစ်လှမ်း အကွာကနေ စောင့်နေတဲ့ အကြောင်းရင်း

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘိုင်ယန်မြူးနစ်မှ မော်ရိုကို ညာနောက်ခံကစားသမား နူဆေး မာဇာရာအူယီကို ပြောင်းရွှေ့ကြေး ယူရို (၂၅)သန်း + အပိုဆုကြေးနဲ့ ခေါ်ယူသွားဖို့အတွက် သဘောတူညီမှု ရရှိသွားခဲ့တယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

ယူနိုက်တက်က ညာခြမ်းမှာ ဒါလော့ကိုသာ အသင်းမှာ ဆက်လက် ထားရှိပြီး အာရွန် ဝမ်ဘစ်ဆာကာကိုတော့ လာမယ့်နွေမှာ အလွတ်နဲ့ လက်မလွတ်သွားရခင် အခုနွေမှာပဲ အသင်းကနေ ရောင်းထုတ်သွားချင်နေတာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်က ဘစ်ဆာကာကို ရောင်းချပြီးရင်လည်း ညာနောက်ခံ ကစားသမားသစ်တစ်ဦးကို အစားထိုး ခေါ်ယူသွားဖို့ပါ တခါတည်း ပြင်ဆင်နေတာပါ။

ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ညာနောက်ခံလူတွေထဲ နည်းပြ အဲရစ် တန်ဟက် နဲ့အတူ အေဂျက်စ်မှာ လက်တွဲခဲ့ဖူးတဲ့ မာဇာရာအူယီလည်း အပါအဝင် ဖြစ်ပါတယ်။

မာဇာရာအူယီဟာ ကနဦးပိုင်းမှာတော့ ဝက်စ်ဟမ်းအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးပေမယ့် မမျှော်လင့်ပဲ အပြောင်းအရွှေ့က ပျက်ပြယ်သွားခဲ့ရပါတယ်။

အဲဒီနောက် မာဇာရာအူယီကို ယူနိုက်တက်ဘက်က အရှိန်အဟုန်မြင့် ကြိုးပမ်းမှု လုပ်ဆောင်လာခဲ့ရာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု အလျင်အမြန် ရယူနိုင်ခဲ့ပြီး အခုလည်း အသင်းနှစ်သင်းကြားပါ မာဇာရာအူယီရဲ့ ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှု ရရှိခဲ့ပြန်ပါတယ်။

လက်ရှိအချိန်မှာ ယူနိုက်တက်က မာဇာရာအူယီနဲ့ ပတ်သက်ပြီး အလုံးစုံ သဘောတူညီမှု ရရှိနေပြီ ဖြစ်ပေမယ့်လည်း အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့က ဘစ်ဆာကာကို ဝက်စ်ဟမ်းအသင်းဆီ ရောင်းချနိုင်ဖို့ လိုအပ်နေပြန်ပါတယ်။

အင်္ဂလန်သား ကို ရောင်းချဖို့အတွက် ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတို့ကြားမှာ သဘောတူညီမှု ရရှိထားသည့်တိုင် ဝက်စ်ဟမ်းနဲ့ ဘစ်ဆာကာတို့ကြား သဘောတူညီမှု ရရှိဖို့ ကျန်ရှိနေပါသေးတယ်။

ယူနိုက်တက်က မာဇာရာအူယီကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် မာဇာရာအူယီရဲ့ ကလပ်အသင်းဖော်လည်းဖြစ် အေးဂျင့်လည်း အတူတူဖြစ်တဲ့ နောက်ခံလူ ဒီလစ်ကိုပါ ထပ်မံ ခေါ်ယူသွားဖို့ ကြိုးပမ်းဖွယ် ရှိနေပါတယ်။