ဟွိုင်လန်း နဲ့ ယိုရို တို့ အာဆင်နယ်နဲ့ ပွဲမှာ နာသွားပြီးနောက် အခြေအနေကို အသိပေးလိုက်တဲ့ နည်းပြတန်ဟက်

အရင်ရက်က ကစားခဲ့တဲ့ ယူနိုက်တက်ရဲ့ အာဆင်နယ်နဲ့ ရာသီကြိုပွဲမှာ ဒဏ်ရာ ရသွားတဲ့ တိုက်စစ်မှုး ဟွိုင်လန်း နဲ့ ခံစစ်မှူး ယိုရိုရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး တန်ဟက်က ထုတ်ဖော် ပြောဆိုလာခဲ့ရာ အကောင်းမြင်ထားကြောင်း သိရပါတယ်။

အာဆင်နယ်နဲ့ ခြေစမ်းပွဲရဲ့ ပထမပိုင်းမှာ တိုက်စစ်မှုး ဟွိုင်လန်း အရင်နာသွားပြီး နောက်ထပ် မိနစ် အနည်းငယ်အကြာ ပွဲချိန် ၃၅ မိနစ်မှာ ယိုရို ဒဏ်ရာရသွားတာကြောင့် လူစားလဲခဲ့ရပါတယ်။

ယူနိုက်တက် နောက်ခံလူသစ် ယိုရိုရဲ့ အနေအထားက အသင်းဖော် ဟွိုင်လန်းထက် ပိုပြီး စိုးရိမ်ရကာ ကွင်းထဲကနေ ထော့နင်း ထော့နင်းနဲ့ ထွက်ခွာသွားတာပါ။

ဒီနွေ ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ပြီး လိုင်လီကနေ ခေါ်ယူနိုင်ဖို့ ယူနိုက်တက်တို့ ယူရို သန်း ၇၀ ဖြင့် သုံးခဲ့ရတဲ့ ပြင်သစ် ခံစစ်မှူးဖြစ်တဲ့ ယိုရိုရော၊ တိုက်စစ်မှုး ဟွိုင်လန်းပါ အသေးစား ဒဏ်ရာတွေ ဖြစ်ဟန်ရှိနေပါတယ်။

ဟွိုင်လန်း၊ ယိုရိုတို့ အခြေအနေနဲ့ ပတ်သတ်ပြီး နည်းပြ တန်ဟက်က အခုလို အသိပေးစကား ဆိုခဲ့တာပါ။

တန်ဟက်က ” ဒဏ်ရာ အခြေအနေ သိနိုင်ဖို့က မလွယ်သေးဘူးဗျ။ ကျနော်တို့ နောက်ထပ် ၂၄ နာရီလောက် စောင့်ကြည့်ရမယ်။ အဲ့ဒါဆိုရင်တော့ အခြေအနေကို ပိုသိလာပါလိမ့်မယ်။

ယိုရိုက အသင်းရဲ့ လေ့ကျင့်ရေးမှာ ၅၀% ပဲ ပါဝင်နိုင်သေးတာဖြစ်တာကြောင့် ကျနော်တို့ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အကောင်းမြင်ကြရအောင်ပါ၊ ဘယ်လို ရလဒ် ထွက်လာမလဲ စောင့်ကြည့်ကြတာပေါ့ ” လို့ ဆိုခဲ့ပါတယ်။