မက်ဆီရဲ့ ချန်ပီယံလိဂ် ခြေစွမ်းကို ရော်နယ်ဒိုနဲ့ နှိုင်းယှဉ် ဝေဖန်လိုက်တဲ့ ကာရေဂါ

အင်္ဂလန်မြေ မန်ချက်စတာမှာ ကစားခဲ့တဲ့ မန်စီးတီး နဲ့ PSG ပွဲဟာ အိမ်ရှင်အသင်း အနိုင်ရမှုနဲ့အတူ ၂-၁ ရလဒ် ထွက်ပေါ်ခဲ့ပြီး PSG က ဒုတိယ နေရာ နဲ့ပဲ ရှုံးထွက် အဆင့်ကို တက်လှမ်း သွားနိုင်ဖို့ သေချာခဲ့ပါတယ်။

ပီအက်စ်ဂျီ နောက်ခံကစားသမားတွေဖြစ်တဲ့ မာကွင်ဟို့စ်၊ ကင်ပန်ဘီ၊ ဟာကီမီနဲ့ နူနို မန်းဒက်စ်တို့သာ ကောင်းကောင်း မကာကွယ်နိုင်ခဲ့ဘူးဆိုရင် ပထမပိုင်းဟာ ဂိုးမရှိသရေနဲ့ ပြီးဆုံးသွားခဲ့မှာ မဟုတ်ပါဘူး။

အဆိုပါပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ မက်ဆီနဲ့ နေမာတို့ဟာ ခံစစ်ကာကွယ်နေရတဲ့ အသင်းကို ကူညီခဲ့ခြင်း မရှိဘဲ ပွဲချိန် အတော်များများမှာ တိုက်စစ်ပိုင်းမှာပဲ ရှိနေပြီး ကွင်းအတွင်း လမ်းလျှောက်နေခဲ့တာပါ။ ဒါကြောင့်လည်း ပီအက်စ်ဂျီရဲ့ ကစားကွက်က လက်ရှိ ထိပ်တန်းအသင်းတစ်သင်း အနေအထားမှာ မရှိဘူးလို့ ကာရေဂါက ဝေဖန်ခဲ့တယ်။

ကာရေဂါက “အသင်းတသင်းက မကြိုးစားတဲ့ ကစားသမား တယောက်ကြောင့် ပေါ်လာတဲ့ ဟာကွက်တွေကို အချိန်တိုင်း လိုက်ဖြည့်နိုင်ဖို့ မလွယ်ပါဘူး။ ဒီနေ့ပွဲမှာ ကျွန်တော် စိတ်အပျက်ရဆုံး အရာက အမ်ဘာပေရဲ့ ခံစစ်ပိုင်းကို ကူညီဖို့ မကြိုးစားခဲ့တာကိုပါ။

မက်ဆီလည်း သူနဲ့တူတူပါပဲ။ မက်ဆီက အသက် ၃၄နှစ် အရွယ် ဖြစ်လို့ ပွဲချိန်တိုင်း လိုက်မကစားပဲ သူ့ရဲ့ ခွန်အားကို ချွေတာဖို့ ကြိုးစားတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် မက်ဆီ လမ်းလျှောက်နေတာကြောင့် ပေါ်လာတဲ့ ယိုပေါက်တွေ၊ ဟာကွက်တွေကို ကျန်တဲ့ ကစားသမားတွေက လိုက်မဖြည့်နိုင်ပါဘူး။

ဘာစီလိုနာနဲ့ပါ ချန်ပီယံလိဂ်ဖလား မရတာ အတော်လေး ကြာနေပြီ ဆိုတာကို မမေ့စေချင်ဘူး။ ရိုနယ်ဒိုကလည်း ကွင်းထဲမှာ လမ်းလျှောက်နေတဲ့ ကစားသမားပါပဲ။ ဒါပေမယ့် သူက သွင်းဂိုးတွေ သွင်းနေပါသေးတယ်” လို့ ဝေဖန်လိုက်တာပဲ ဖြစ်ပါတယ်။