မန်ယူနဲ့ ကစားရမယ့် ကွန်မြူနတီဒိုင်းပွဲမှာ စီးတီး ရှုံးဖို့ များတယ်လို့ ပက် ဂွာဒီယိုလာ ကြိုတင် ဝန်ခံထားပါပြီ

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ စီးတီး ကစားသမားတွေ ရာသီကြို ထရိန်နင်မှာ အစုံအလင် မလာနိုင်တာကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ ကွန်မြူနတီဒိုင်းပွဲမှာ အခြေမလှနိုင်ဘူးလို့ ကြိုတင် ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးနဲ့ အက်ဖ်အေဖလား ချန်ပီယံ မန်ချက်စတာ ယူနိုက်တက် တို့ဟာ လာမယ့် သြဂုတ်လ ၁ဝ ရက်နေ့မှာ ကွန်မြူနတီဒိုင်းပွဲ ကစားကာ ဖလားလုကြရမှာပါ။

မန်စီးတီးက အမေရိကန် ရာသီကြို ခရီးစဉ်မှာ စီးတီးက နှစ်ပွဲဆက်တိုက် ရှုံးထားပြီး နောက်ဆုံး ကစားထားတဲ့ ဘာစီလိုနာနဲ့ ပွဲမှာ သရေကျထားပါတယ်။

လူငယ် အများစုနဲ့သာ ပွဲထုတ် နေရတဲ့ စီးတီးရဲ့ ရာသီကြို လူစာရင်းမှာ ရိုဒရီ၊ ဖိုဒန်၊ ဝေါ်ကာ စတဲ့ ကစားသမားတွေက ယူရိုပြိုင်ပွဲ ကစားထားတာကြောင့် မပါဝင်လာသေးပါဘူး။

စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ ကစားသမားတွေ မနားတမ်း ပြိုင်ပွဲတွေ ဆက်တိုက် ကစားနေရတဲ့ အပေါ် ထည့်ပြောလာပြီး စီးတီးရဲ့ ရာသီအစ ပွဲတွေမှာ အမှတ်လျော့နိုင်တယ်လို့ ကြိုတင် အသိပေးလာခဲ့တာပါ။

” ကျွန်တော်တို့ ကစားသမားတွေ ပြန်လာတာ နောက်ကျလိမ့်မယ်၊ ဒီနှစ်တော့ အထနှေးမယ်။ မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲတင် မဟုတ်ဘူး၊ ချယ်ဆီး၊ အစ်ဝစ်ချ် တို့နဲ့ ပွဲတွေမှာရောပဲ။

အမှတ်တွေ အများကြီး မလျော့ဖို့ပဲ ကြိုးစားရမှာပါ၊ ပြိုင်ဆိုင်နိုင်ဖို့ရောပေါ့။ ကျွန်တော်တို့မှာ ကစားသမား အစုံအလင် ရှိမှာ မဟုတ်ဘူး၊ သူတို့ အနားယူဖို့ လိုတယ်။

တကယ့် ဘော့စ်တွေနဲ့ ဖီဖာ၊ ယူအီးအက်ဖ်အေ၊ ပရီးမီးယားလိဂ် စတဲ့ အဖွဲ့အစည်းကြီးတွေကို ကစားသမားတွေ အတွက် ထည့် မစဉ်းစားပေးဘူး ဆိုရင် မန်နေဂျာတွေကတော့ စဉ်းစားပေးရတော့မှာပဲ၊ မဟုတ်ရင် သူတို့ သေကုန်ကြလိမ့်မယ်။ တကာ်ကို လွန်လွန်းတယ်။ ” လို့ ပက် ဂွာဒီယိုလာ က ပြောဆိုခဲ့တာပါ။