ဘက်တစ်ကို ယူနိုက်တက် အနိုင်ရခဲ့ပေမယ့် ရက်ဖို့ဒ်နဲ့ အန်တိုနီ နာသွားလို့ ထိခိုက်မှု ကြီးသွားပြန်တဲ့ ခြေစမ်းပွဲ

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီမနက် ရီးရဲလ်ဘက်တစ်နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားခဲ့ရာ ၃-၂ နဲ့ ယူနိုက်တက်တို့ အနိုင်ရခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီပွဲမှာ ဘက်တစ်ဘက် ပွဲချိန် ၁၅ မိနစ်မှာ ဂိုး အရင် ပေးခဲ့ရတာ ဖြစ်ပြီး အဲဒီနောက် ပထမပိုင်းမှာတင် ရက်ဖို့ (ပင်နယ်တီ)၊ အာမတ် ဒီယာလို၊ ကာစီမီရို တို့ သွင်းဂိုးတွေနဲ့ ၃-၁ နဲ့ Come back ပြန်လာပြခဲ့တာပါ။

ဒုတိယပိုင်းမှာ ချေပဂိုး တစ်ဂိုး ပြန်ခွင့်ပြုခဲ့ရပြီး ယူနိုက်တက်က ဂိုး ထပ်မသွင်းနိုင်သော်လည်း လူငယ် ကစားသမားတွေက ပွဲကို အကောင်းဆုံးထိန်းကစားခဲ့ပြီး နိုင်ပွဲရအောင် ရှာဖွေသွားနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ယူနိုက်တက် အသင်း အတွက် အာမက်ဒီယာလို အထူးခြေစွမ်းပြပြီး ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ခံစစ်ပိုင်းကတော့ အားနည်းချက်တွေ ရှိနေတာကို မြင်တွေ့ခဲ့ရပါတယ်။

အနိုင်ရခဲ့ပေမယ့် ပေးဆပ်မှု ကြီးသွားတာက ရက်ရှ်ဖို့ဒ်၊ အန်တိုနီတို့ ဒဏ်ရာရသွားခဲ့တာ ဖြစ်ပါတယ်။

ဘက်တစ်နဲ့ခြေစမ်းပွဲမှာ ၆၂ မိနစ်မှာမှ လူစားဝင်လာခဲ့တဲ့ အန်တိုနီဟာ ၂၅ မိနစ်အကြာမှာ ဒဏ်ရာရသွားပြီး လူစားပြန်လဲ လိုက်ရပါတယ်။ လူစားလဲခံရပြီးနောက် အန်တိုနီတယောက် လက်မှာပတ်ထားတာတွေကို ဆွဲဖြုတ်ပြီး ဥမင်ထဲကို ဒေါသထွက်ထွက်နဲ့ ဝင်သွားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်လည်း ဒဏ်ရာအနည်းငယ်ရသွားခဲ့ပြီး ယိုရိုကို ၃ လ၊ ဟော့ဂျ်လန်းကို ၆ ပတ်ကြာ အနားပေးရမယ့် ယူနိုက်တက်အတွက်တော့ ဒဏ်ရာပြသနာတွေက ရာသီသစ်တောင် မစခင်မှာပဲ ထိုးနှက်လို့လာနေပါပြီ။