၁ဝ ရက်နေ့ ကန်မယ့် ကွန်မြူနတီဒိုင်းပွဲ မတိုင်ခင် ဒဏ်ရာ ပြသနာတွေ အပြိုင်ရှိနေတဲ့ မန်ယူနဲ့ မန်စီးတီး

ဘောလုံးရာသီသစ် ရဲ့ အဖွင့် ဖြစ်တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်ဟာ လာမယ့် သြဂုတ်လ ၁ဝ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးနဲ့ အက်ဖ်အေဖလား ချန်ပီယံ မန်ချက်စတာ ယူနိုက်တက် တို့ ယှဉ်ပြိုင်ဖလား လုကြတော့မှာပါ။

ဒီပွဲ မတိုင်ခင်လေးမှာပဲ မန်ချက်စတာ နှစ်သင်းလုံးဟာ ရာသီကြို ခြေစမ်းပွဲတွေကနေ ကစားသမား ဒဏ်ရာ ရမှုတွေ ဖြစ်လာနေပါတယ်။

မန်စီးတီးဘက်မှာ အသင်းရဲ့ အဓိက တိုက်စစ်မှုး အာလင်း ဟာလန်း ဒဏ်ရာ ရသွားသလို ယူနိုက်တက် ဘက်မှာ ဟွိုင်လန်း၊ ယိုရို၊ ရက်ဖို့ဒ်နဲ့ အန်တိုနီ တို့ ဒဏ်ရာ ရရှိသွားပါတယ်။

ဟာလန်းဟာ အသေးစားကြွက်သား ဒဏ်ရာရှိနေတာကြောင့် ပွဲတွေ အများကြီး မလွဲချော်အောင် ထိန်းကာ သုံးနေရာကြောင်း နည်းပြ ပက် ဂွာဒီယိုလာက ဝန်ခံခဲ့သလို ကွန်မြူနတီဒိုင်းပွဲ လွဲဖွယ် ရှီတယ်လို့ သိရပါတယ်။

မန်စီးတီးအသင်း နောက်ဆုံး ကစားထားတဲ့ အေစီမီလန်၊ ဘာစီလိုနာတို့နဲ့ပွဲတွေမှာ ဟာလန်းဟာ နှစ်ပွဲစလုံး ပွဲချိန်ပြည့်မကစားနိုင်ဘဲ ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဘက်မှာတော့ ပြီးခဲ့တဲ့ အပတ်က အာဆင်နယ်နဲ့ ပွဲမှာတိုက်စစ်မှုး ဟွိုင်လန်း နဲ့ ခံစစ်မှုးသစ် ယိုရို တို့ ဒဏ်ရာ ရသွားခဲ့တာ ဖြစ်ပြီး ဒီမနက် ဘက်တစ်နဲ့ ပွဲမှာ ရက်ဖို့ဒ်နဲ့ အန်တိုနီ တို့ ထပ်မံ နာသွားခဲ့တာပါ။

ပြီးခဲ့တဲ့ ၂ ပတ်ကမှ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ နဲ့ ရောက်လာခဲ့တဲ့ ယိုရိုဟာ နှစ်ပတ် အကြာမှာတင် ခြေဖဖိုးရိုး ထိသွားတာကြောင့် ၃ လ ကြာ အနားယူရတော့မှာ ဖြစ်ပါတယ်။

နောက်တစ်ယောက် ဖြစ်တဲ့ တိုက်စစ်မှုး ဟွိုင်လန်းက တံကောက်ကြော ဒဏ်ရာ ရသွားတာ ဖြစ်ပြီး ၎င်းကတော့ သီတင်းပတ် ၆ ပတ်လောက် ကြာ အနားယူရတော့မှာပါ။

ဘက်တစ်ပွဲမှာ ထိခဲ့ကြတဲ့ ရက်ဖိုဒ့်နဲ့ အန်တိုနီတို့ ဒဏ်ရာ အခြေအနေတွေကတော့ အသေးစိတ် မထွက်ပေါ်လာသေးပါဘူး။