ရာသီကြိုမှာ အစွမ်းပြနေတဲ့ လုခ်ရှော လက်သစ် လူငယ်လေးကို အသင်းကြီးမှာ နေရာပေးဖို့ မန်ယူပရိသတ်တွေ တောင်းဆိုနေ
မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေဟာ လူငယ်နောက်ခံလူ ဟယ်ရီ အမတ်စ်ရဲ့ စွမ်းဆောင်ရည်အပေါ် အားရကျေနပ်မှုရှိပြီး လာမဲ့ ရာသီကျရင် စီနီယာအသင်းမှာ ပွဲထွက်ခွင့် ပေးသင့်တယ် လို့ တောင်းဆိုနေကြပါတယ်။
အသက် ၁၇ နှစ်သာ ရှိသေးတဲ့ ဘယ်နောက်ခံကစားသမား အမတ်စ်ဟာ ယူနိုက်တက်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲတွေဖြစ်တဲ့ ရိုဆင်ဘော့ဂ်၊ ရိန်းဂျားစ်၊ အာဆင်နယ်၊ ဘက်တစ်တို့်နဲ့ ပွဲ အားလုံးမှာ ပါဝင် ကစားခွင့်ရခဲ့ပြီး အဲရစ်တန်ဟက် ကျေနပ်လောက်စရာ ခြေစွမ်းမျိုးပြသနိုင်ခဲ့ပါတယ်။
ဘက်တစ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ အမတ်စ်က ၆၂ မိနစ်အတွင်း ဘောလုံးထိချက် အကြိမ် ၅၀၊ interceptions ၃ ကြိမ်၊ အောင်မြင်တဲ့ tackles ၃ ကြိမ်၊ ဖြတ်တင်ဘောပေးပို့မှု ၂ ကြိမ်၊ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ခဲ့ပါတယ်။
အမတ်စ်ဟာ ခံစစ်မှာသာမက တိုက်စစ်လိုက်ပါမှု အပိုင်းမှာလည်း ထူးချွန်ပြီး ယူနိုက်တက်ပရိသတ်တွေက သူ့ကို လုခ်ရှောနဲ့ကစားပုံ ဆင်တူတယ်လို့ ခိုင်းနှိုင်း ချီးကျူးနေကြပါတယ်။

ဘက်တစ်နဲ့ပွဲအပြီးမှာ ယူနိုက်တက် ပရိသတ်တွေက အခုလို ပြောဆိုခဲ့ကြတာပါ။
” အမတ်စ်ရဲ့ခြေစွမ်းကတော့ တကယ့်ကို မယုံနိုင်လောက်အောင်ပါပဲ။ သူဟာ လာမဲ့နှစ်တွေ အတွင်း ကျွန်တော်တို့အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်လာမှာပါ”
” အမတ်စ်ရဲ့ ကစားအားကြီးက ရူးခါလောက်စရာဖြစ်ပြီး လုခ်ရှောနဲ့ တစ်ပုံစံတည်းပါပဲ”
” ဒီကောင်လေး အမတ်စ်ဟာ အသင်းကြီးမှာ ကစားခွင့်ရဖို့ အသင့်ရှိနေပါပြီ။ သူ့အရပ်အမောင်းနဲ့ ခန္ဓာကိုယ်အချိုးအစား တိုးတက်လာဖို့ လိုအပ်သေးပေမဲ့ အမတ်စ်ဟာ ဦးနှောက်သုံးပြီး ကစားနိုင်သူဖြစ်ပါတယ် ” လို့ အွန်လိုင်းမှာ အသီးသီး ရေးသားခဲ့ကြပါတယ်။
အမတ်စ်ဟာ အသက် ၉ နှစ်အရွယ်မှာ ဝက်ဖို့ဒ်အကယ်ဒမီကို ရောက်ရှိခဲ့ပြီး သူ့ကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးနဲ့ အပြိုင် ကြိုးပမ်းခဲ့ရသလို ပြီးခဲ့တဲ့နှစ်၊ သြဂုတ်လအတွင်း ယူနိုက်တက်အသင်းက စာချုပ်လျော်ကြေးပေးပြီးတော့ ၄ နှစ်စာချုပ်နဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။