ဈေးကွက် မပိတ်ခင် မန်ယူက လူ ၃ ဦး အနည်းဆုံး ထပ်ခေါ်မယ်လို့ သတင်းထောက်ကြီး ရိုမာနို ဖော်ထုတ်
မန်ချက်စတာယူနိုက်တက်ဟာ ဒီနွေရာသီ ဈေးကွက်ထဲမှာ ဗဟိုခံစစ်၊ ကွင်းလယ်နဲ့ ညာနောက်ခံလူ တစ်ဦးစီ ဆက်လက် ခေါ်ယူသွားဖို့အတွက် ရှာဖွေနေဆဲဖြစ်တယ်လို့ အပြောင်းအရွှေ့ဂုရု သတင်းထောက် ရိုမာနိုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ဒီနွေရာသီမှာ ဂျိုရွှာ ဇတ်ဇီးနဲ့ လီနီ ယိုရိုတို့ကို ခေါ်ယူထားပြီးဖြစ်ပြီး စုစုပေါင်း ဒီကစားသမား ၂ ယောက်အတွက် ပေါင် ၈၉ သန်းအထိ သုံးစွဲခဲ့တာပါ။
မန်ချက်စတာယူနိုက်တက်ဟာ ကစားသမားသစ် ခေါ်ယူမှုတွေ မပြုလုပ်ခင်မှာ ကစားသမားရောင်းချမှုတွေ အရင်ဆုံး ပြုလုပ်သွားဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ရိုမာနိုက သရဲနီတွေဟာ ဒီလကုန် ဈေးကွက် မပိတ်ခင် အနည်းဆုံး ၃ နေရာကို အားဖြည့်သွားဦးမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာပါ။
ဇတ်ဇီးနဲ့ ယိုရိုတို့ကို ခေါ်ယူနိုင်ခဲ့မှုက မန်ချက်စတာယူနိုက်တက်ရဲ့ နွေရာသီအဖွင့် လှစေခဲ့ပေမယ့် တန်ဟက်က လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ စိန်ခေါ်နိုင်ဖို့အတွက် နောက်ထပ် လူအင်အားဖြည့်တင်းမှုတွေ လိုအပ်သေးတယ်လို့ ခံစားနေရတာပါ။

အပြောင်းအရွှေ့ သတင်းထောက် ရိုမာနိုက “မန်ယူနိုက်တက်က ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် နောက်ထပ် ဗဟိုခံစစ်ကစားသမား တစ်ဦးထပ်ခေါ်ဖို့က အစီအစဉ်ရှိထားပြီးသားပါ။ ဘိုင်ယန်က ဒီလိုက်တ်အတွက် ယူရိုသန်း ၅၀ ရမယ်ဆိုတဲ့ အာမခံချက်လိုချင်နေပြီးမန်ယူနိုက်တက်က ထပ်ဆောင်းပေးချေမှုတွေနဲ့ဆိုရင်တော့ ပြည့်နိုင်တယ်လို့ ပြောနေတယ်။
ဒါပေမယ့် ပြောဆိုဆွေးနွေးမှုတွေကတော့ ဆက်လုပ်နေတုန်းပါပဲ။ ဒီလိုက်တ်ကလည်း မန်ယူနိုက်တက်က လာခေါ်မှာကို စောင့်နေတယ်။ အဲဒီတော့ တော်တော်လေးကို ရှင်းလင်းတဲ့အနေအထားပါ။
တခြားနေရာတွေမှာလည်း ကျွန်တော် မြင်တာကတော့ ကွင်းလယ်ကစားသမားသစ် ခေါ်ဖို့ ဆက်လုပ်နေသေးပြီး မက်ဇရာဝီကိုခေါ်ဖို့လည်း လုပ်နေပါတယ်။ သူကလည်း မန်ယူနိုက်တက် လာခေါ်တာကို စောင့်နေတဲ့သူပါ”လို့ ပြောဆိုခဲ့တာပါ။
ဘိုင်ယန်မြူးနစ်ကြယ်ပွင့် ဒီလစ်က ဗဟိုခံစစ်နေရာအတွက် ဦးစားပေးပစ်မှတ်အဖြစ် ရှိနေဆဲဖြစ်ပြီး ဒတ်ချ်လူမျိုးနောက်ခံလူက ဘိုင်ယန်မြူးနစ်မီးစိမ်းပြတာနဲ့ သရဲနီတွေနဲ့ ပူးပေါင်းဖို့ စောင့်ဆိုင်းနေတာပါ။
နောက်ထပ် ဘိုင်ယန်မြူးနစ်နောက်ခံလူ နူဆေရာ မက်ဇရာဝီကတော့ ဘိုင်ယန်နဲ့ မန်ယူတို့ သဘောတူညီမှုရခဲ့ပြီဖြစ်တာကြောင့် အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာတော့မှာဖြစ်ပြီး ကွင်းလယ်ကစားသမား တစ်ဦး ခေါ်ယူဖို့ကလည်း သရဲနီတွေရဲ့ အစီအစဉ်ထဲမှာ ရှိနေဆဲဖြစ်ပါတယ်။