USA Tour နောက်ဆုံးပွဲမှာ လီဗာပူးကို ဂိုးပြတ်ရှုံးခြင်း၊ ခံစစ်အမှားတွေနဲ့ အသင့် ဖြစ်သေးပုံမရသေးတဲ့ ယူနိုက်တက်

ဒီမနက်မှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူး အသင်းတို့ဟာ နှစ်သင်းလုံးရဲ့ အမေရိကန် ရာသီကြို ခရီးစဉ် နောက်ဆုံးပွဲ အဖြစ် ယှဉ်ပြိုင် ကစားခဲ့ကြရာ လီဗာပူးက ယူနိုက်တက်ကို ၃-ဝ နဲ့ ဂိုးပြတ် နိုင်သွားပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယိုယွင်းနေတဲ့ ခံစစ်ပိုင်းကို ယနေ့ပွဲစဉ်မှာလည်း ပြင်ဆင်နိုင်ခြင်းမရှိသေးဘဲ လီဗာပူးကို ဂိုးပြတ်တဲ့အထိ အရှုံးပေးခဲ့ရပါတယ်။

ကတ်စ်မဲရိုးနဲ့ ခံစစ် ကစားသမားတွေရဲ့ ကစားပုံက အားရစရာမရှိခဲ့ပေမယ့် ရက်ရှ်ဖို့ဒ် ဦးဆောင်တဲ့ တိုက်စစ်ပိုင်းကတော့ ယူနိုက်တက်အတွက် ကျေနပ်စရာတွေ ပေးစွမ်းခဲ့ပါတယ်။

ပွဲချိန် ၁၀မိနစ်မှာတင် လီဗာပူးအသင်းက ဦးဆောင်ဂိုးရခဲ့ပြီး ကာဗယ်လ်ဟိုက အိပ်ငိုက်နေပုံရတဲ့ ကတ်စ်မဲရိုးကို ကျော်ဖြတ်ကာ အလွယ်တကူ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

၃၆ မိနစ်မှာ လီဗာပူးအသင်း ဒုတိယဂိုးရခဲ့ပြီး ဆာလက်က တောင်ပံကနေ တကိုယ်တော်အစွမ်းနဲ့ ကျော်ဖြတ်ကန်တင်ပေးရာမှာ ဂျိုတာက ပြေးဝင်ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ နှစ်သင်းစလုံး အပြောင်းအလဲလုပ်ကစားခဲ့ပေမယ့် လီဗာပူးကသာ ဂိုးရခဲ့ပြီး ဂျိုတာရဲ့ကန်ချက်ကို အိုနာနာ ကာကွယ်ရာက ပြန်ထွက်လာတဲ့ ဘောလုံးကို ဆီမီကတ်စ်က ပိတ်သွင်းကာ ဂိုးရယူပေးခဲ့ပါတယ်။

ယူနိုက်တက်က အပြောင်းအလဲတွေ လုပ်ခဲ့ပေမယ့် ကစားပုံတက်မလာခဲ့တာကြောင့် ပွဲအပြီးမှာတော့ လီဗာပူးအသင်းကသာ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

ယူနိုက်တက်အတွက် ဒါက လက်ရှိနွေမှာ ခြေစမ်းပွဲ (၅) ပွဲ ကစားခဲ့တဲ့နေရာမှာ ရိန်းဂျားစ်၊ ဘက်တစ်တို့ကိုသာ နိုင်ခဲ့ပြီး ရိုဆင်ဘော့၊ အာဆင်နယ်၊ လီဗာပူးတို့ကို ဆက်တိုက် ရှုံးခဲ့တာပါ။ အာဆင်နယ်ကိုတော့ ပင်နယ်တီမှာ နိုင်ခဲ့ပါတယ်။

စိုးရိမ်စရာတစ်ခုက ပရီးမီးယားလိဂ်နှစ်သင်းစလုံးကို ရှုံးခဲ့တာဖြစ်ပြီး လာမယ့်အပတ် သြဂုတ် (၁၀) မှာဆိုရင် ယူနိုက်တက်တို့ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းအဖြစ် ရင်ဆိုင်ကစားရတော့မှာပါ။