ပြောင်းချင်တဲ့ အသင်း ထုတ်ပြောတဲ့ ချာကာ၊ တာဗာရက်စ်ကို ကာကွယ်ခြင်းနဲ့ ယနေ့ အာဆင်နယ် သတင်းများ

အာဆင်နယ်ဂန္ထဝင်ဟောင်း အီယန်ရိုက်က အာဆင်ဝင်းဂါးအနေနဲ့ အွန်နရီနဲ့ အနယ်လ်ကာတို့ တွဲဖက်မကစားစေတဲ့ အာဆင်ဝင်းဂါးရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်ရကြောင်း၊ အွန်နရီ ရောက်လာချိန်မှာ အနယ်လ်ကာက မရှိတော့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးနောက်ခံလူဟောင်း ဂျွန်တယ်ရီက ပြီးခဲ့တဲ့ ယူရို ၂၀၂၀ပြိုင်ပွဲမှာ အီတလီဝါရင့်နောက်ခံလူ ချီလီနီကိုယ်တိုင် အတင်းဆွဲချခဲ့ရတဲ့အထိ ဖြစ်ခဲ့တဲ့ အာဆင်နယ် လူငယ်ကြယ်ပွင့် ဆာကာရဲ့ ခြေစွမ်းကိုချီးကျူးခဲ့ပါတယ်။

အာဆင်နယ် ကွင်းလယ်လူ ဂရန်းနစ် ချာကာ က အာဆင်နယ် အသင်းကနေ ထွက်ခွာ ဖြစ်ပါက အသင်းဟောင်း မိုချန်ဂလာဘတ် အသင်းမှာ ပြန်လည် ကစားချင်ကြောင်း သူ့ရဲ့ ဆန္ဒကို ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ်။

ချာကာဟာ ဒီနွေရာသီ အစောပိုင်း ကာလမှာ ရိုးမား အသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် စီရီးအေ အသင်းဟာ အာဆင်နယ် အသင်း လိုချင်တဲ့ ပြောင်းရွေ့ကြေးကို ကမ်းလှမ်း နိုင်ခဲ့ခြင်း မရှိပါဘူး။

ဖီအိုရင်တီးနားတိုက်စစ်မူှး ဗလာဟိုဗစ်အနေနဲ့ အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အာဆင်နယ်အနေနဲ့ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က ဗလာဟိုဗစ်ကို ချဉ်းကပ်ခဲ့တာလို့ သိရပြီး ကစားသမား ကတော့ အာဆင်နယ်ကို ပြောင်းလိုခြင်းရှိတာပါ။

အာဆင်နယ် ပစ်မှတ်ထားနေတဲ့ ဆီဗီးလ်တိုက်စစ်မှူး နက်စရီကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ် ကလပ်တွေဖြစ်ကြတဲ့ ဝက်စ်ဟမ်းနဲ့ မန်စီးတီးတို့က ကြိုးပမ်းလာလျက်ရှိနေကြောင်း သိရပါတယ်။ အာဆင်နယ်အနေနဲ့ လာကာဇက်ရဲ့ နေရာမှာ အစားထိုးဖို့ နက်စရီကို ခေါ်ယူလိုနေတာပါ။

ဂန်ဒိုဂန်ဟာ ကိုယ်တိုင်တောက်ပခြင်းမျိုး မဟုတ်ဘဲ တခြားသူတွေတောက်ပအောင် ပြုလုပ်ပေးသူဖြစ်ကြောင်း အာဆင်နယ် နည်းပြ အာတီတာရဲ့ပြောဆိုချက်ကို ဂန်ဒိုဂန်က သဘောကျလျက် ရှိနေပါတယ်။

အာဆင်နယ် တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ်ကတော့ လီဗာပူးနဲ့ပွဲမှာ အမှားကျူးလွန်လို့ ဝေဖန်ခံနေရတဲ့ နောက်ခံလူ တာဗာရက်စ် ဘက်ကနေ ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

တာဗာရက်စ်ဟာ အမှားကြီး ကျူးလွန်ခဲ့ပေမဲ့ တစ်ပွဲလုံးခြုံကြည့်ရင် ခြေစွမ်းပြနိုင်ခဲ့ကြောင်း၊ တာဗာရက်စ်က လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဖြစ်နေတဲ့ ဆာလတ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ကြောင်း ၎င်းကဆိုခဲ့တာပါ။

အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ပေါ် ခဲ့ပြီးနောက် လာမယ့် အပြောင်းအရွှေ့ကာလမှာ ကစားသမားကောင်းတွေ ခေါ်ယူဖို့ ရှိနေတဲ့ နယူးကာဆယ် အသင်း အနေနဲ့ အာဆင်နယ် အသင်း တောင်ပံ ကစားသမား နီကိုလပ်စ် ပေပေ ကို အငှားနဲ့ ခေါ်ယူ သင့်တယ်လို့ ဝီလန် က တိုက်တွန်း လိုက်ပါတယ်။