စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲမှာ ယူနိုက်တက် တိုက်စစ်မှုးနေရာ အတွက် ဘယ်လိုစဉ်းစားနေသလဲ တန်ဟက် ထုတ်ဖော် ပြောဆို

မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ခ်က မန်စီးတီးနဲ့ ကစားမယ့် ကွန်မြူနတီဒိုင်းပွဲမှာ တိုက်စစ်မှူးနေရာ ဘယ်သူ့ကို ထားကစားမလဲ ဆိုတာ စဉ်းစားနေရကြောင်း ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိမှာ ရာသီမစခင်တည်းက ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပါ။

အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှုး ဇတ်ဇီးက အသင်းနဲ့ ပူးပေါင်းချိန် နည်းနေသလို တိုက်စစ်မှူး ဟွိုက်လန်းကလည်း အာဆင်နယ်နဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့ပါတယ်။ ဟွိုက်လန်းဟာ အဆိုပါ တံကောက်ကြောဒဏ်ရာကြောင့် (၁) လခွဲခန့် အနားယူရဦးမှာပါ။

အဲ့ဒါကြောင့်လည်း ယူနိုက်တက်တို့ တိုက်စစ်ပိုင်းအတွက် ကစားသမား လိုအပ်ချက်ရှိနေပြီး တန်ဟက်က ဒီအပေါ်မှာ ဘယ်လို စဉ်းစားနေကြောင်း ဖွင့်ဟခဲ့ပါတယ်။

တန်ဟက် က ” ဂျေဒန်က တိုက်စစ်မှူး အဖြစ် ကစားနိုင်ပါတယ်။ သူက တောင်ပံ ဧရိယာတွေမှာလည်း ကစားနိုင်တယ်။ သူ့ကို ထည့်သုံးတာက နည်းလမ်းကောင်း တစ်ခုပါ။

မားကပ်လည်း တိုက်စစ် ကစားဖူးပါတယ်။ သူလည်း လုပ်နိုင်တယ်။ ဒါကလည်း ရွေးချယ်စရာ တစ်ခုပေါ့။ ဒါပေမ့် သူက ဘယ်ခြမ်း တောင်ပံဘက်မှာ ဆိုရင် ပို ခြေစွမ်းပြနိုင်တယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

ကွင်းလယ်တိုက်စစ်သမား ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်ကိုလည်း ရှေ့ပိုတက်ကာ တိုက်စစ်မှုး အဖြစ် ကစားစေဖို့ တန်ဟက်က ထည့်သွင်း စဉ်းစားထားပြီး ရွေးချယ်စရာ ၃ ခု ရှိနေပါတယ်။

ယူနိုက်တက်ဟာ လာမယ့် သြဂုတ်လ ၁ဝ ရက်နေ့မှာ စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲ ယှဉ်ပြိုင် ဖလားလုမှာ ဖြစ်ပြီး အဲဒီနောက် အပတ်မှာတော့ ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲ စတင် ကစားရတော့မှာပါ။

လက်ရှိမှာ ယူနိုက်တက်ရဲ့ အခြားသော အဓိက ကစားသမားတွေဖြစ်တဲ့ လုခ်ရှော၊ မိုင်နူးတို့ကလည်း အားလပ်ရက်အဖြစ် အနားယူနေဆဲပါ။ ဘရူနိုဖာနန်ဒက်စ်၊ ဂါနာချိုနဲ့ ဒါလော့တို့ကတော့ ကာရင်တန်မှာ လေ့ကျင့်ခန်းတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။