သူက ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ဖြစ်လို့ လာမဲ့ရာသီ ဂိုးရှေ့မှာ ပိုရဲတင်းပြမယ် လို့ အိုနာနာ ကြွေးကြော်

မန်ချက်စတာ ယူနိုက်တက် ဂိုးသမား အိုနာနာက လာမဲ့ရာသီကျရင် သူက ဂိုးရှေ့မှာ အရင်ကထက် ပိုတဲ့ သူ့ရဲ့ ရဲရဲတင်းတင်း ကစားဟန်မျိုးကို ပရိသတ်တွေ မြင်တွေ့ရမှာဖြစ်တယ်လို့ ကြိုတင် အသိပေးလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်ဆီကနေ အိုနာနာကို ပေါင် ၄၇ သန်းနဲ့ခေါ်ယူခဲ့ပြီး ဒီလိုခေါ်ယူခဲ့ရတဲ့ အဓိက အကြောင်းရင်းတစ်ခုက အိုနာနာရဲ့ ခံစစ်ကနေ တိကျတဲ့ ဘောလုံးပေးပို့မှုစွမ်းရည်၊ တစ်ခါတလေကျရင် ပယ်နယ်တီဧရိယာအပြင်အထိ ထွက်ပြီးတော့ တိုက်စစ်လိုက်ကစားနိုင်တဲ့ အရည်အချင်းတွေကြောင့်ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့ရာသီအစပိုင်းကတည်းက အိုနာနာအတွက် အခြေအနေ မကောင်းခဲ့ဘဲ လန်းစ်နဲ့အိုးလ်ထရက်ဖို့ဒ်ခြေစမ်းပွဲတုန်းက ကွင်းလယ်ကနေ ဂိုးအသွင်းခံခဲ့ရတာ၊ ဝုလ်ဗ်နဲ့ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာလည်း ဘောလုံးမထိဘဲ ပြိုင်ဘက်မျက်နှာကို လက်သီးနဲ့ထိုးမိခဲ့ပေမဲ့ ကံကောင်းလို့သာ ပယ်နယ်တီ မပေးခဲ့ရတာပါ။

အခုဆိုရင် အိုနာနာဟာ ယူနိုက်တက်အသင်းနဲ့ ဒုတိယမြောက်ရာသီ ဖြတ်သန်းရမှာဖြစ်ပြီး သူက ကိုယ့်ကိုယ်ကိုယ် ကမ္ဘာ့အကောင်းဆုံး ဂိုးသမားလို့ ယူဆထားတာကြောင့် ရာသီသစ်မှာ မနှစ်ကထက် ပိုရဲတင်းတဲ့ကစားဟန်မျိုးနဲ့ကစားပြသွားဖို့ ဆုံးဖြတ်ထားပါတယ်။

မီဒီယာတွေက ကိုယ့်ကိုယ်ကိုယ် ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ဖြစ်နေပြီလို့ ယူဆထားလားဆိုပြီး မေးမြန်းခဲ့ချိန်မှာ အိုနာနာက ရယ်မောပြီးတော့ အခုလို ဖြေကြားခဲ့ပါတယ်။

“ဟုတ်ပါတယ်၊ အဲဒါ ကျွန်တော်ပါပဲ။ အဲဒီအချက် မှန်ကန်တယ်ဆိုတာကို လာမဲ့ရာသီမှာ အားလုံးမြင်တွေ့ရမှာဖြစ်ပြီး ကျွန်တော်က အန္တရာယ်များတဲ့ကစားပုံမျိုးနဲ့ ကစားသွားမှာဖြစ်ပါတယ်။ ကျွန်တော့်ကို ယုံကြည်လိုက်ပါ၊ ရာသီသစ်မှာ ကျွန်တော့်ရဲ့အကောင်းဆုံးပုံစံကို ပြသသွားမှာပါ”လို့ ဖြေကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ အိုနာနာဟာ ပြိုင်ပွဲစုံ ၅၄ ပွဲကစားခဲ့ပြီး ရုန်းကန်ခဲ့ရပေမဲ့ ရာသီကုန်မှာတော့ FA ဖလားချန်ပီယံဆု ရယူနိုင်ခဲ့တာကြောင့် ယူနိုက်တက်ကစားသမားဘ၀ ပွဲဦးထွက်ရာသီကို ဆုဖလားအောင်မြင်မှုနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။