ဆိုးရှား ချိန်ခဲ့ဖူးတဲ့ ကွင်းလယ် ပစ်မှတ်ဟောင်းကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက် ပြင်ဆင်နေ

မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းကွင်းလယ် ခံစစ်မှာ ကာဆီမီရို နဲ့ပဲ မလုံလောက်တာကြောင့် ကစားသမားသစ် ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပြီး လွန်ခဲ့တဲ့ လေးနှစ်က ပစ်မှတ်ဟောင်းကို ပြန်ချိန်နေတယ်လို့ သတင်းထွက်လာပါတယ်။

ပီအက်စ်ဂျီအသင်းမှ အူဂါတီကို မန်ယူက ချိတ်ဆက်ခဲ့သေးပေမယ့် ပြောင်းရွှေ့ကြေး ညှိနှိုင်း မရတာကြောင့် စိတ်ဝင်စားမှု လျော့ကျသွားခဲ့ပါပြီ။

ဒီတလောမှာ ယူနိုက်တက်ကတော့ နော်ဝေလက်ရွေးစင် ကွင်းလယ်ကစားသမား ဆန်ဒါဘာ့ဂျ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ တန်းဆင်းသွားရတဲ့ ဘန်လေအသင်းက ကွင်းလယ်လူ ဆန်ဒါဘာ့ဂျ် အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ ရရင် ရောင်းထုတ်ဖို့ ပြင်ဆင်ထားတာပါ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လွန်ခဲ့တဲ့ ၄ နှစ်တုန်းကလည်း နည်းပြ ဆိုးရှားလက်ထပ်မှာ ဆန်ဒါဘာ့ဂျ် ကို ခေါ်ယူဖို့ စိတ်ဝင်စားဖူးပါတယ်။ ထိုစဉ်က ကစားသမား ကိုယ်တိုင် ကာရင်တန် လေ့ကျင့်ရေးကွင်းအထိ လာရောက် လည်ပတ်ခဲ့ဖူးပါတယ်။

ယူနိုက်တက်ဘက်က တရားဝင် ကမ်းလှမ်းမှု မရှိသေးတာဟာ တော်မီနေး အပြောင်းအရွှေ့ မပြီးပြတ်သေးတာ ကြောင့် ဖြစ်ပြီး ယူနိုက်တက်တို့ မကြာခင်မှာ ဆန်ဒါဘာ့ဂျ်အတွက် အားထုတ်လာတော့မှာ ဖြစ်ပါတယ်။