ပီအက်စ်ဂျီ ဘယ်လိုမာခဲ့လို့ ယူနိုက်တက်က အူဂါတီ ကို ခေါ်ယူရေးကနေ နောက်ဆုတ်သွားခဲ့တာလဲ ဖော်ထုတ်
မန်ချက်စတာယူနိုက်တက် ဟာ ကွင်းလယ်ကစားသမား မန်နူရယ် အူဂါတီကို ခေါ်ယူဖို့ ကြိုးပမ်းမှုဟာ ပီအက်စ်ဂျီရဲ့ ပြောင်းရွှေ့ကြေး တောင်းဆိုမှုကို ညှိမရတာကြောင့် နောက်ဆုတ်ခဲ့တာ လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ဂျိုရွှာ ဇတ်ဇီးနဲ့ လီနီ ယိုရိုတို့ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဥရုဂွေးကွင်းလယ်ကြယ်ပွင့်ကို ဒီနွေရာသီ ဦးစားပေးပစ်မှတ်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
အူဂါတီက မန်ချက်စတာယူနိုက်တက်အသင်းကိုပဲ ဒီနွေရာသီမှာ ပြောင်းရွှေ့ချင်တဲ့ ဆန္ဒရှိတဲ့ အကြောင်း ပီအက်စ်ဂျီကို အသိပေးခဲ့ပြီး အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကစားသမားက သရဲနီတွေနဲ့လည်း ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီးဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပီအက်စ်ဂျီက အူဂါတီအတွက် သူတို့ ပေးချေခဲ့ရတဲ့ ပေါင် ၅၂ သန်းအတိုင်းပဲ မန်ချက်စတာ ယူနိုက်တက်ကို ပေးချေဖို့ တောင်းဆိုနေတာကြောင့် လက်ရှိအချိန်အထိ သဘောတူညီမှုမရသေးဘဲ လိပ်ခဲတည်းလည်းဖြစ်နေတာဖြစ်ပါတယ်။
The Athletic ရဲ့ သတင်းအရ ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်နူရယ် အူဂါတီအတွက် သုံးစွဲခဲ့ရတဲ့ ပေါင် ၅၂ သန်း အတိုင်း အတိအကျ တောင်းဆိုနေပြီး မန်ချက်စတာယူနိုက်တက်ကတော့ ပြီးခဲ့တဲ့ရာသီမှာ ပုံမှန်ပွဲထွက်ခွင့်မရခဲ့တဲ့ ကစားသမားအတွက် အဲဒီပမာဏက များပြားလွန်းတယ်လို့ ခံစားနေရတဲ့အတွက် ပေးချေလိုခြင်းမရှိဘူးလို့ သိရပါတယ်။
ဒါကြောင့် သဘောတူညီမှုရဖို့ထက် အပြောင်းအရွှေ့ပျက်ဖို့က ပိုပြီးတော့သတင်းကတောင် နီးစပ်လာနေပြီလို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး မန်ချက်စတာယူနိုက်တက်က လက်ရှိမှာ အခြားကွင်းလယ်ပစ်မှတ်တွေကို ရှာဖွေနေပြီလို့ သိရပါတယ်။