စနေည ကွန်မြူနတီဒိုင်းပွဲမှာ မန်ချက်စတာ ယူနိုက်တက် ခံစစ်တန်းကနေ နည်းပြ တန်ဟက် ကိုယ်တိုင် ပါဝင်လာဖွယ် ရှိ

မနက်ဖြန် စနေနေ့ည ၈ နာရီခွဲ အချိန်မှာတော့ ဝင်ဘာလေကွင်းကြီးမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီး အသင်းတို့ ကွန်မြူနတီဒိုင်းပွဲ ယှဉ်ပြိုင် ကစားရတော့မှာပါ။

ဘောလုံးရာသီ အစ ဖလား တစ်လုံး ရယူနိုင်မယ့် အခွင့် အရေး ဖြစ်တာကြောင့် တန်ဟက်ရော ပက်တို့ပါ ဒီပွဲကို အားစိုက် ကစားဖွယ် ရှိပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက် အတွက် ခေါင်းကိုက်စရာ ဖြစ်နေတာက နောက်ခံလူ အများအပြား ဒဏ်ရာနဲ့ fitness ပြဿနာတွေ ရှိနေပြီး ဒီပွဲကို လွဲချော်ဖွယ် ရှိနေတာပါ။

နည်းပြ တန်ဟက်က သူ့ နောက်ခံလူတွေ အခြေအနေနဲ့ ပတ်သတ်ပြီး “ဗစ်တာ လင်ဒီလော့ဖ် ၊ ဟယ်ရီ မက်ဂွိုင်းယား ၊ အာရွန် ဝမ်ဘစ်ဆာခါနဲ့ လုခ်ရှောတို့က ကွန်မြူနတီဒိုင်းပွဲမှာ ပါဝင်နိုင်ဖို့ဆိုတာ မသေချာသေးဘူး။

လီဆန်ဒရို မာတီနက်ဇ်ကတော့ ပါဝင်နိုင်ပါလိမ့်မယ်။ ” လို့ ပွဲကြို သတင်းပေး ပြောဆိုထားပါတယ်။

ဒီနွေမှာ အသစ်ခေါ်ထားတဲ့ ဗဟိုခံစစ်မှုး ယိုရို ကလည်း ၃ လ ကြာ နားရမယ့် ခြေဖဖိုးဒဏ်ရာ ရထားတာကြောင့် ဒီပွဲ မပါနိုင်ပါဘူး။ လူငယ် ခံစစ်သမား ဝဲလ်ဖစ်ရှ်ကလည်း ခြေကျင်းဝတ် ထိထားပါတယ်။

မနက်ဖြန်ည ပွဲမှာ ယူနိုက်တက် ခံစစ်တန်းကနေ နည်းပြ တန်ဟက် ကိုယ်တိုင်တောင် ဆင်း ကစားလာမလား မပြောတတ်တော့ပါဘူး။