ခြေစွမ်းပြသူတွေ သက်တမ်းတိုးဖို့ လှုပ်ရှားနေခြင်း၊ ပူလီဆစ်အတွက် တန်ကြေးနဲ့ ချဲလ်ဆီး သတင်းများ
ချဲလ်ဆီး ဘယ်နောက်ခံလူ ဘန်ချေဝဲလ်ဟာ ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့တာကြောင့် ရာသီကုန်အထိ အနားယူရဖွယ် ရှိနေပါတယ်။ လီဗာပူးလ်အသင်းရဲ့ ခံစစ်ကစားသမား ဗန်ဒိုက်လည်း ပြီးခဲ့တဲ့ရာသီက ထို ဒဏ်ရာမျိုး ရရှိခဲ့ပြီး ပြီးခဲ့တဲ့ တစ်ရာသီလုံး နားခဲ့ရတာပါ။
ချဲလ်ဆီးဟာ အသင်းကနေ ထွက်ခွာခွင့် တောင်းဆိုထားတဲ့ တိုက်စစ်ကစားသမား ပူလီဆစ်ကို ထွက်ခွာခွင့် ပြုတော့မှာပါ။ ဒါပေမယ့် ချဲလ်ဆီးအနေနဲ့ ပူလီဆစ်ကို ပရီးမီးယားလိဂ် ပြင်ပကလပ်တွေကို ရောင်းထုတ်သွားမှာဖြစ်ပြီး ပြောင်းရွှေ့ကြေးပေါင် ၄၂ သန်း သတ်မှတ်ထားပါတယ်။

ပူလီဆစ်ကို ဘာစီလိုနာက စိတ်ဝင်စားပေမယ့် ဘဏ္ဍာရေး အခြေအနေအရ အငှားနဲ့သာ ကမ်းလှမ်းဖွယ် ရှိကြောင်း စပိန်သတင်းတွေက ဆိုပြီး ပူလီဆစ်ကို လီဗာပူးကပါ စောင့်ကြည့်နေပါတယ်။
ချဲလ်ဆီး ကစားသမားဟောင်း ဂျိုလ်ကိုးကေတာ့ ဂျူဗင်တပ်နဲ့ပွဲက နောက်ခံလူရီစီဂျိမ်းစ်ရဲ့ စွမ်းဆောင်ရည်ပိုင်းကို ချီးကျူးခဲ့ပြီး ရီစီဂျိမ်းစ်ဟာ စက်တစ်စက်လိုဖြစ်ခဲ့ကြောင်း၊ သူဟာ နည်းစနစ်ပိုင်း ကောင်းမွန်ပြီးပေးပု့ိမှုတွေ ကောင်းမွန်ကာ ဆုံးဖြတ်ချက် တိကျသူဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
ချဲလ်ဆီးအနေနဲ့ ကွင်းလယ်လူ မေဆန်မောင့်ကို စာချုပ်သက်တမ်းတိုးမြှင့်နိုင်မယ်လို့ယုံကြည်လျက် ရှိနေပါတယ်။ ၂၂ နှစ် အရွယ် ကစားသမားရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၄ ခုနှစ်မှ ကုန်ဆုံးမှာဖြစ်ပေမယ့် ဥရောပထိပ်သီးတွေရဲ့ ရန်ကို ကြောက်လို့ ချဲလ်ဆီးက နှစ်ရှည် သက်တမ်း တိုးလိုနေတာပါ။
ချဲလ်ဆီး အနေနဲ့ ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားကို စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ဆွေးနွေးနေတာဖြစ်ပြီး အခြေအနေကောင်း နေပါတယ်။ ချဲလ်ဆီးအနေနဲ့ ဆေးလ်ဗားကို ၂၀၂၃ ခုနှစ်အထိ သက်တမ်းတိုးခွင့်ရှိနေတာပါ။
မန်ယူနောက်ခံလူဟောင်း ဖာဒီနန်ကတော့ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါအနေနဲ့ ဘိုင်ယန်ကိုပြောင်းရွှေ့ဖို့အတွက်သာ ချဲလ်ဆီး ကနေ ထွက်ခွာနိုင်ကြောင်း၊ လက်ရှိ ဥရောပမှာ ဘိုင်ယန်ကသာ ချဲလ်ဆီးအထက်မှာရပ်တည်နေကြောင်း၊ ရူဒီဂါ အနေနဲ့ ပြန်လည် တည်ဆောက်ရေးတွေ လုပ်နေတဲ့ ရီးရဲနဲ့ ဘာစီလိုနာတို့ကို ပြောင်းမယ်မထင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ချဲလ်ဆီး အသင်းဟာ အသင်းရဲ့ညာနောက်ခံလူ ရိစ်ဂျိမ်းကိုလည်း စာချုပ်သက်တမ်း နောက်ထပ်(၁)နှစ် ထပ်မံ တိုးဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ရိစ်ဂျိမ်းနှင့် ချဲလ်ဆီးအသင်းတို့ဟာ(၂၀၂၀)ခုနှစ်တွင်မှ (၅)နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုထားခဲ့တာဖြစ်ပေမယ့် ခြေစွမ်းကောင်းတွေ ပြနေတာကြောင့် ယခု လစာထက် ပိုပေးကာ စာချုပ် သက်တမ်း(၁)နှစ် ထပ် တိုးဖို့ စဉ်းစားလာတာ ဖြစ်ပါတယ်။
မက်မာနာမန်က ချဲလ်ဆီးနည်းပြတူချယ် အတွက် ကစားသမားတွေအားလုံးကို ပျော်ရွှင်အောင် ထားနိုင်ဖို့က ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ကြောင်း၊ လက်ရှိချဲလ်ဆီးမှာ ကစားသမားတိုင်းကို ပွဲထွက်ခွင့်နဲ့ ပတ်သက်ပြီးကျေနပ်အောင်ပြုလုပ်နိုင်ဖို့က ခက်ခဲကြောင်း ဆိုခဲ့ပါတယ်။