အပိုင်တွေ ဖြုန်းခဲ့တဲ့ တိုက်စစ်မှုး ရပ်ရှ်ဖို့ ကို ဒီတိုင်းပဲ ဆက်ကြိုးစားဖို့ အားပေးလိုက်တဲ့ နည်းပြ တန်ဟက်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက် က မနေ့ညက ကွန်မြူနတီဒိုင်း ပွဲစဉ်မှာ အပိုင်အခွင့်အရေးတွေ လွဲချော်ခဲ့ရတဲ့ မားကပ် ရပ်ရှ်ဖို့ နဲ့ ပတ်သက်လို့ အပြစ်တင် စကား မပြောဘဲ ကာကွယ်ပြောဆိုသွားပါတယ်။

မနေ့ညက မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲမှာ အင်္ဂလန်သား တိုက်စစ်မှုးက အပိုင်အခွင့်အရေး နှစ်ကြိမ်လောက်ကို ဖြုန်းတီးပစ်ခဲ့တာပါ။

ပထမပိုင်းမှာ လှပတဲ့ အတွဲအဖက်ကနေ ရလာတဲ့ အခွင့်အရေးကို ဘေးကန်ခဲ့သလို ဒုတိယပိုင်း အရေးကြီးတဲ့အချိန်မှာလည်း အပိုင်အခွင့်အရေးကို တိုင်ထိအောင် ကန်ခဲ့သေးတာပါ။ ရကဖို့ဒ် ကို ပြန်လာနိုင်မလားဆိုပြီး ပရိသတ်တွေ မျှော်လင့်ခဲ့သမျှ ဘာမှကိုမဖြစ်လာတဲ့အထိပါပဲ။

ဒါပေမယ့် တန်ဟက်က ” သူ ဒီအတိုင်းပဲ ရွေ့လျားနေမယ် ၊ အသင်းကလည်း ဒီအတိုင်းပဲ လိုက်လျောညီထွေ ကစားနိုင်မယ်ဆိုရင် သူ ဂိုးတွေ သွင်းယူနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်နေပါတယ်။ ”

” အခုလို အခွင့်အရေး လွဲချော်တာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သူ့ဆီမှာ လုံလောက်တဲ့ အတွေ့အကြုံတွေ ရှိနှင့်ပြီးသားပါပဲ။ ဟုတ်ပါတယ်၊ သူ ဂိုးသွင်းတာနဲ့ တပြိုင်နက် နောက်ထပ် သွင်းဂိုးတွေက နောက်ကနေ လိုက်လာပါလိမ့်မယ် ” လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

ညက ကွန်မြူနတီဒိုင်းပွဲမှာ တိုက်စစ်သမားတွေ ဖြစ်တဲ့ ရက်ဖို့ဒ်၊ ဆန်ချို တို့ရဲ့ ဖြုန်းတီးမှုတွေက ထောက်ပြ ဝေဖန်ခံနေရပြီး အထူးသဖြင့် ရက်ဖို့ဒ်ကိုတော့ ယူနိုက်တက် ပရိသတ်တွေ အတော်ကြီးကို စိတ်ပျက်နေကြပြီ ဖြစ်ပါတယ်။