မန်ချက်စတာ ယူနိုက်တက် အသင်းသား တစ်ဦးကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ် မျက်စိကျလာ
ရီးရဲလ်မက်ဒရစ်အသင်းက ဒီနွေမှာ အမ်ဘာပေလို ထိပ်တန်း တိုက်စစ်ကစားသမားတစ်ဦးနဲ့ ဆယ်ကျော်သက် ကြယ်ပွင့်လေး အန်းဒရစ်တို့ကို အားဖြည့်ခေါ်ယူခဲ့ပြီးနောက် အစွန်ခံစစ် အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းသား ဒါလော့ကို မျက်စိကျလာပါတယ်။
ရီးရဲလ်မက်ဒရစ် ဟာ ရေရည်မှာ ကစားသမားသစ်တွေ ထပ်မံ ဖြည့်တင်းရဦးမယ့် နေရာတွေလည်း ရှိလို့နေသေးပြီး အထူးသဖြင့်တော့ ဘယ်ခြမ်းခံစစ်နဲ့ ညာခြမ်းခံစစ်နေရာတွေမှာ ကစားသမားသစ်တွေကို ခေါ်ယူရဖွယ် ရှိနေတာပါ။
ရီးရဲလ်ဟာ ဘယ်နောက်ခံနေရာအတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကနေဒါ ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆို ဒေးဗီးစ်ကိုသာ အဓိက ပစ်မှတ်ထားလျက် ရှိနေသလို ညာခြမ်းအတွက်ကိုလည်း လီဗာပူးလ်က ထရန့် အလက်ဆန်းဒါး အာနိုးကို ချိန်ရွယ်ခဲ့ပမယ့် လီဗာပူးသားက လက်ရှိကလပ်မှာပဲ ဆက်နေဖွယ် ရှိပါတယ်။
ဒါကြောင့် ရီးရဲလ်က ညာနောက်ခံနေရာအတွက် အာနိုးအစား မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီ ညာနောက်ခံလူ ဒီယိုဂို ဒါလော့ကိုသာ ပစ်မှတ်ထားလာခဲ့တယ်လို့ သိရပါတယ်။

အသက် (၂၅)နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် ညာနောက်ခံကစားသမား ဒါလော့ဟာ ၂၀၁၈ခုနှစ်ကတည်းက ပေါ်တိုကနေ မန်ယူနိုက်တက်အသင်းဆီ ရောက်ရှိနေခဲ့တာ ဖြစ်ပြီးတော့ ၂၀၂၀-၂၁ ဘောလုံးရာသီမှာတော့ အေစီမီလန်အသင်းဆီ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
လက်ရှိမှာတော့ ဒါလော့ဟာ ယူနိုက်တက်အတွက် အရေးပါတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်နေသလို ပြီးခဲ့တဲ့ရာသီကလည်း အသင်းမှာ အတည်ငြိမ်ဆုံး ကစားပြနိုင်ခဲ့ပါတယ်။
ညာခြမ်းမှာသာမက လိုအပ်ရင်လည်း ဘယ်နောက်ခံနေရာအထိပါ ကစားနိုင်တဲ့ ဒါလော့ဟာ ယူနိုက်တက်နဲ့လည်း မကြာသေးခင်ကမှ ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးမြှင့်ထားသူပါ။
ရီးရဲလ်ကတော့ ဒီနွေမှာ မမှီရင် လာမယ့် ၂၀၂၅ခုနှစ် နွေရာသီမှာ ဒါလော့ကို ခေါ်ယူသွားဖို့အတွက် ကမ်းလှမ်းမှုတွေ အသေအချာ လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။