တန်ဟက်နဲ့ ပြန် ပြေလည်ပေမယ့် အနာဂတ် မရေရာသေးတဲ့ ဆန်ချို ကို ခေါ်ယူလိုတဲ့ ကလပ် တစ်သင်း

မန်ချက်စတာ ယူနိုက်တက်မှာ နည်းပြ တန်ဟက်နဲ့ ပြန် ပြေလည်မှု ရထားပေမယ့် အနာဂတ် မရေရာသေးတဲ့ ဂျေဒန် ဆန်ချို ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ ကလပ် ပေါ်ထွက်လာပါပြီ။

ဆန်ချို ကို အလိုရှိတာက ပြီးခဲ့တဲ့ ရာသီ အငှား ခေါ်ခဲ့တဲ့ ၎င်းရဲ့ အသင်းဟောင်း ဒေါ့မွန်တော့ မဟုတ်ပါဘူး။ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်စ်ရဲ့ ပစ်မှတ်ထဲမှာ ဆန်ချိုက ပါဝင်လာတာပါ။

ဂျုဗင်တပ်စ်အသင်းဟာ အသင်းရဲ့ တောင်ပံကစားသမားဖြစ်သူ ဖရက်ဒရစ်ကို ခီယေဆာကို ဒီနွေမှာပဲ ရောင်းထုတ်သွားဖို့ ရှိနေရာ ခီယေဆာနေရာမှာ ပြန်လည် အစားထိုးဖို့အတွက် စတားလင်းနဲ့ ဂျေဒန် ဆန်ချိုတို့ကို ပစ်မှတ်ထားနေတယ်လို့ အီတလီအခြေစိုက် သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။

ဂျုဗင်တပ်စ်အနေနဲ့ ခီယေဆာကို ရောင်းချလိုက်မယ်ဆိုရင် ဘယ်တောင်ပံနေရာအတွက် ကို့စတစ်သာ ကျန်ရှိတော့မှာဖြစ်ပြီး ဒီ၎င်းကလည်း ဒဏ်ရာ ရရှိနေတာကြောင့် ဘယ်တောင်ပံ ကစားသမားတစ်ဦးကို မဖြစ်မနေ ခေါ်ယူဖြည့်တင်းဖို့ လိုအပ်လာခဲ့ပါတယ်။

ဒါကြောင့် ဂျုဗင်တပ်စ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အင်္ဂလန် တောင်ပံကစားသမား ဆန်ချိုကို ပစ်မှတ်ထားခဲ့ြပြီး ဒီနောက်ပိုင်းမှာလည်း ချယ်လ်ဆီး တောင်ပံကစားသမား စတားလင်းကိုပါ ချိန်ရွယ်လာခဲ့ပါတယ်။ ဒီကစားသမားနှစ်ဦးလုံးကတော့ သူတို့ရဲ့ သက်ဆိုင်ရာ ကလပ်အသင်းတွေနဲ့ အနာဂတ် မရေမရာ ဖြစ်လို့နေပါတယ်။

စတားလင်းရော ဆန်ချိုပါ အင်္ဂလန် တောင်ပံကစားသမားတွေ ဖြစ်တဲ့အပြင် ဘယ်တောင်ပံအခြမ်းမှာ ကစားနေသူတွေလည်း ဖြစ်သလို မန်စီးတီး ကစားသမားဟောင်းတွေလည်း ဖြစ်နေပါတယ်။ နောက်ပြီး ဒီကစားသမားတွေဟာ သူတို့ရဲ့ လက်ရှိ အသင်းတွေအတွက် ပွဲကစားခွင့်တွေ ရရှိဖို့ မလွယ်ကူတော့တဲ့ အခြေအနေမှာလည်း ရှိနေပါတယ်။

ဒါကြောင့် ဒီလို အခြေအနေ ရှိနေတဲ့ ကစားသမား (၂)ဦးလုံးကို ဂျုဗင်တပ်စ်က ပစ်မှတ်ထားလာခဲ့တာဖြစ်ပြီး အသက် (၃၀)နား ကပ်နေတဲ့ စတားလင်းထက် အသက် (၂၄)နှစ်သာ ရှိနေသေးတဲ့ ဆန်ချိုကို ပိုမို အလိုရှိနေပါတယ်။

ဆန်ချိုက ယူနိုက်တက်နဲ့ ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသလို အသင်းနည်းပြ အဲရစ် တန်ဟက် နဲ့လည်း အဆင်ပြေပြေ ပြန်ဖြစ်နေပေမယ့်လည်း သူရဲ့အနာဂတ်ကတော့ မရေမရာ ဖြစ်နေပါသေးတယ်။