ဒုတိယတန်းစား ကစားသမားကို မန်ယူက သန်း ၄ဝ ကျော် ပေးဝယ်လို့ အပြင်းစား ပြောဆို ဝေဖန်နေတဲ့ ပေါစခိုးလ်

မန်ချက်စတာ ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ် အသင်းထံမှ နယ်သာလန်သား ဗဟိုခံစစ်မှုး ဒီလစ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရထားပြီ ဖြစ်ပါတယ်။

ပြောင်းရွှေ့ကြေး အားဖြင့် ပေါင် ၃၈.၆ သန်း အပြင် ထပ်ဆောင်းကြေး ပေါင် ၄.၃ သန်းလည်း ပါဝင်တာကြောင့် သန်း ၄ဝ ကျော်မျှ သုံးရမှာပါ။ ယူနိုက်တက်ဟာ ဒီလစ်နဲ့ အတူ အစွန် နောက်ခံလူ မာဇာရာဝီကိုလည်း ခေါ်ယူနိုင်ခဲ့ပါတယ်။

ဒီလစ်ကို ခေါ်ယူမှု အပေါ် မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီးတွေက သဘောမတွေ့ ဖြစ်နေပြီး ပေါစခိုးလ် ကတော့ အတော် ပြင်းပြင်းထန်ထန် ပြောဆိုထားပါတယ်။

ပေါစခိုးလ်က ” သူ (ဒီလစ်)က ဘိုင်ယန်က လာတယ် ဆိုပေမယ့် အဲဒီမှာ မကစားခဲ့ရဘူး။ ကျွန်တော် စိုးရိမ်တာက အဲရစ် ဒိုင်ယာကတောင် သူ့ရှေ့မှာ ဦးစားပေးနေရာ ရနေတာ။

ဟာသလုပ်နေတာ မဟုတ်ဘူးနော်၊ ယူနိုက်တက် အတွက် ကျွန်တော် တကယ် စိုးရိမ်တယ်။ ကစားသမား တစ်ယောက်ကို လွန်ခဲ့တဲ့ ၃-၄နှစ်က အသင်းတူမှာ ကြုံဖူးတာနဲ့ ပေါင် သန်း ၄-၅ဝ ပေးခေါ်တယ်ဗျာ။

သူက ဂျူဗင်တပ်အတွက် မလုံလောက်ခဲ့သလို ဘိုင်ယန်မှာလည်း နေရာမရဘူး။ အခု ယူနိုက်တက် ကို လာတဲ့ အချိန်မှာ သူက ဒုတိယတန်းစား ကစားသမား ဖြစ်နေပြီ။ ” လို့ ပြောဆို ဝေဖန်လိုက်တာ ဖြစ်ပါတယ်။